တိုက်စစ်မှူး မာလန်းကို ဗီလာအသင်းခေါ်ယူ
---------------------------
ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ ဒေါ့မွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်မှူး မာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလန်းအတွက် ပြောင်းရွှေ့ကြေးအပြင် အပိုဆု ကြေး ပေါင် ၂ ဒသမ ၅ သန်းကိုလည်း ထပ်မံပေးရမှာဖြစ်လို့ မာလန်းအတွက် စုစုပေါင်း ပေါင် ၂၁ ဒသမ ၅ သန်း ကုန်ကျမှာဖြစ်ပါတယ်။
ဗီလာအသင်းရဲ့ ရည်မှန်းချက်တွေကိုသိရှိရပြီးနောက် နည်းပြ အမ်မရီနဲ့လည်း အတူလက်တွဲလုပ်ဆောင်ချင်တဲ့ အတွက် ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာလို့ မာလန်းက အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ မာလန်းဟာ ဗီလာအသင်းမှာ ကျောနံပါတ် ၁၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ဒေါ့မွန်အသင်း မှာတုန်းက တွဲကစားခဲ့ဖူတဲ့ နောက်ခံလူ မက်ဆန် ဆီကနေ ဗီလာအသင်းအကြောင်းတွေကို သိခွင့်ရခဲ့တယ်လို့ လည်း မာလန်းက ပြောပါတယ်။
ဗီလာအသင်းဟာ အခုရာသီချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး မာလန်းလို ချန်ပီယံလိဂ် အတွေ့အကြုံရှိကစားသမားကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်လူငယ်အသင်း ကနေ ထွက်ပေါ်လာခဲ့တဲ့ မာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ၁၃ ဂိုးသွင်းယူပေးခဲ့သလို ဒေါ့မွန် ကစားသမားဘဝ ပြိုင်ပွဲစုံ ၁၃၂ ပွဲမှာ ၃၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၀ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
