Part-2
*တရားရေးမဏ္ဍိုင်နှင့်ပြည်သူ့ရပိုင်ခွင့်များအား ကာကွယ်စောင့်ရှောက်မှု
အလားတူ ဥပမာအားဖြင့် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး.. စသည်တို့ အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ ယုံကြည်ချက် ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့် ...စသည်များ ရှိစေရမည်ဟု ပြဋ္ဌာန်း ထားသည် ဆိုပါစို့။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် သတ်မှတ်ထားသည့်ဥပဒေများ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ပါလျက် အဆိုပါ ရပိုင်ခွင့်များကို ခံစားသုံးစွဲသည့်အခါ ပိတ်ပင်ခြင်း ဟန့်တားခြင်း အရေးယူခြင်း ခံရသည်ဆိုလျှင် အခြေခံရပိုင်ခွင့်များ ဆုံးရှုံးသည့် ၎င်းပုဂ္ဂိုလ်အတွက် တရားရုံးက ကာကွယ်စောင့်ရှောက်မှု၊ ဥပဒေနှင့်အညီ ဖြစ်အောင် ဆောင်ရွက်မှုများ ပြုရလိမ့်မည်။
သည်အတွက်ကြောင့်လည်း ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များထဲတွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့် ပေးရမည်ဟူသော အချက်မျိုးကို အလေးအနက် ထည့်သွင်း ကြခြင်းဖြစ်သည်။
တရားသူကြီးများသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကြောင့် ပြည်သူ့ရပိုင်ခွင့် ထိခိုက် နစ်နာမှုများကိုသာမက ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များက ပြဋ္ဌာန်းသည့်ဥပဒေ၊ နည်းဥပဒေများ၊ ၎င်းတို့ကိုအခြေခံ၍ အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်များ၊ ကြေညာ ချက်များ၊ လုပ်ထုံးလုပ်နည်းများသည် ပြည်သူ့ရပိုင်ခွင့် ထိခိုက်မှု အပါအဝင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ပါကလည်း မညီညွတ်ကြောင်း ထုတ်ပြန်ကြေညာကာ တားဆီး ပယ်ဖျက်ရန် ဆောင်ရွက်ရသည်။
ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတို့တွင် တရားသူကြီးများ အနေနှင့် ဥပဒေ၏ မျက်နှာကိုသာ ကြည့်ကာ တည့်မတ် မှန်ကန်၍ သီးခြား လွတ်လပ်စွာ စီရင် ဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့၏ ရာထူးသက်တမ်းနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကို အခြေခံဥပဒေက တိကျစွာ ပြဋ္ဌာန်းပေးထားလေ့ရှိသည်။ တရားရေးမဏ္ဍိုင်ကို ဦးဆောင်မည့် အဆင့်မြင့် တရားသူကြီး များကို သမ္မတနှင့် လွှတ်တော်တို့က ခန့်အပ်ခြင်း၊... အတည်ပြုခြင်းများ ပြုပေးရ သော်လည်း ရာထူးမှ ဖြုတ်ပယ် ရပ်ဆိုင်းခြင်းကိုကား အခြေခံ ဥပဒေတွင် တိကျစွာ ဖော်ပြထားသည့် အချက်များအရမှအပ မည်သည့် အကြောင်းနှင့်မျှ လုပ်ပိုင်ခွင့် မရှိကြပေ။