27 ပတ် - ဘာသာပြန်ပါ။

ဆောင်းရာသီတွင်ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရောဂါများကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေးနှိုးဆော်

ဇန်နဝါရီ ၁၄

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

ဆောင်းရာသီကာလတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတက်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ်-၁၉ ရောဂါပိုး၊ Human metapneumovirus(HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါများ၊ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း အသိပေးထားသည်။

ရောဂါကူးစက်ပုံနည်းလမ်းများမှာ ရောဂါကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ရှိသည့် အစက်အမှုန့်များ(Dropiets)မှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါကူးစက်ခံစားနေရသူနှင့် အနီးကပ်ထိတွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ တစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးကပ်တင်နေသည့် အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များအား၊ လက်ဖြင့် ထိမိပြီး ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့အား ထပ်ဆင့်ထိမိရာမှ တစ်ဆင့်ကူးစက်ခြင်း စသည့် နည်းလမ်းများဖြင့် ကူးစက်ခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း အသက်ရှုကြပ်ခြင်း၊ ရောဂါပြင်းထန်ပါက လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရောဂါကာကွယ်ရေးနည်းလမ်းများမှာ ရောဂါသံသယလက္ခဏာများ ခံစားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ဝတ်ဆင်ခြင်း၊ ဆပ်ပြာနှင့် ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးပါက နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်း စသည့် နည်းလမ်းများဖြင့် ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိသော ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေး သတိပြုကာကွယ်ကြရန်နှင့် မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ စောစီးစွာ သွားရောက်ပြသ၍ ကုသမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ထားသည်။

#centralnewsnaypyitaw

image