မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဖြစ်ပွား၊ လုယက်သူကို ဝိုင်းဖမ်းရာ ကျူးလွန်သူက သေနတ်ဖြင့်ပစ်၍ ဘဏ်ဒုတိယမန်နေဂျာ လက်မောင်းဒဏ်ရာရ

ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်တွင် သေနတ်ပြ၍ ငွေများဝင်လုယူမှု ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ကနဦး သိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် အကွက်အမှတ် ၆၈၉ ဘဏ်ခွဲအမှတ် ၃၇၊ ဗောဓိကုန်းဘဏ်ခွဲသို့ အမည်မသိအမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်အတို လက်လုပ်တစ်လက်ကို ထုတ်ပြကာ ၎င်းနှင့်အတူ ပါလာသည့် ကျောပိုးအိတ်အနက်ရောင်အတွင်းသို့ ငွေစက္ကူများထည့်သွင်း၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ယင်းသို့ ထွက်ခွာသွားစဉ် ဘဏ်ဝင်ပေါက်ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါကျူးလွန်သူက လက်လုပ်သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘဏ်၏ ဒုတိယမန်နေဂျာ ဦးလမင်းကိုကိုတွင် လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သောကြောင့် သက်ဆိုင်ရာက လက်ရှိတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ဒဏ်ရာရ ဘဏ်တာဝန်ရှိသူကိုလည်း ဆေးကုသနေကြောင်း လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image