အယ်ပိုင်းအသင်းသို့ ဒရိုင်ဗာ ကိုလာပင်တို ပြောင်းရွှေ့
--------------------------
အာဂျင်တီးနားဒရိုင်ဗာ ကိုလာပင်တိုဟာ ဖော်မြူလာဝမ်းပြိုင်ပွဲဝင် အယ်ပိုင်းအသင်းကို အရန်ဒရိုင်ဗာအဖြစ် ပြောင်းရွှေ့လာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကိုလာပင်တိုဟာ ပြီးခဲ့တဲ့ ဖော်မြူလာဝမ်းရာသီမှာ ဝီလျံအသင်း အတွက် ပါဝင်ယှဉ်ပြိုင်ပေးခဲ့တဲ့ ပွဲစဉ် ၉ ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် ဖော်မြူလာဝမ်း အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။
ဝီလျံအသင်းဟာ အခုနှစ်ဖော်မြူလာဝမ်းပြိုင်ပွဲအတွက် ဖာရာရီ အသင်းကနေ စပိန်ဒရိုင်ဗာ ကားလို့စ်စိန့်ဇ်ကို ခေါ်ယူထားသလို အဲလက်စ်အယ်ဘွန်ကိုလည်း ပြိုင်ပွဲဝင် ဒရိုင်ဗာ အဖြစ် စာရင်းသွင်းထားလို့ ကိုလာပင်တိုကို ထွက်ခွာခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ကိုလာပင်တိုက အသက်ငယ် သေးသလို ဖော်မြူလာဝမ်းရဲ့ အတိုးတက် ဆုံးလူငယ်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် အသင်းမှာခေါ်ယူ နေရာပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အယ်ပိုင်းအသင်းကြေညာချက်မှာ ရေးထားပါတယ်။
အယ်ပိုင်းအသင်း ဟာ အခုနှစ် ဖော်မြူလာဝမ်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဒရိုင်ဗာတွေအဖြစ် ဩစတြေးလျဒရိုင်ဗာ ဒိုဟန်းနဲ့ ပြင်သစ် ဒရိုင်ဗာ ဂတ်စ်လေတို့ကို ရွေးချယ်ထားပြီး ကိုလာပင်တိုကိုလည်း ဂရင်းပရီပွဲစဉ်တချို့မှာ ပြိုင်ပွဲဝင် ဒရိုင်ဗာအဖြစ် အခွင့်အရေးပေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
