ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ နေအိမ်နှစ်လုံး မီးလောင်မှု ဒဂုံအရှေ့တွင် ဖြစ်ပွား

ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် (၁၃)ရပ်ကွက်၊ စက်မှုလယ်ယာ (၁)လမ်းရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီလ ၁၀ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အလျား ၉ ပေ၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ကျောက်ပြားကာ ​ပျဥ်ခင်း ၁ ထပ်နေအိမ်နှင့် အလျား ၁၈ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ကွန်ကရစ်ခင်း ၂ ထပ်နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အလျား ၁၈ ပေ၊ အနံပေ ၃၀ ရှိ သွပ်မိုး၊ ကျောက်ပြား၊အုတ်ကာ ကွန်ကရစ်ခင်း ၂ ထပ်နံရံ မီးဟပ်ခံရကြောင်း သိရသည်။

“အိမ်က ၂ လုံးနဲ့ တစ်ခြမ်းလောက် မီးလောင်သွားတယ်။လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၄စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊နှင်းဆီလမ်းရှိ RCC ၂ခန်းတွဲ (၁၀)ထပ်၊ ၆လွှာ ဘယ်ခန်းရှိ ဖုန်းအပိုပစ္စည်းများသိုလှောင်ထားသော တိုက်ခန်းတွင် အဝတ်လျှော်စက်နှင့် ချိတ်ဆက်ထားသော Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဝတ်လျှော်စက်အဟောင်းနှင့် Safe Guard မီးလောင်ခဲ့ကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image