အသည်းအဆီဖုံးခြင်းဆိုတာ အရက်သောက်ခြင်း (သို့) ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း၊ အဆီအစိမ့်များ အလွန်အကျွံစားသုံးခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီများခြင်း စတာတွေရဲ့ အကျိုးဆက်ကြောင့် အသည်းဆဲလ်တွေမှာ အဆီအိတ်လေးတွေ စုနေခြင်းကိုဆိုလိုပါတယ်။
အသည်းရောဂါအများစုရဲ့ ဇစ်မြစ်က အသည်းအဆီဖုံးခြင်းက စပါတယ် အသည်းမှာ အဆီအိတ်လေးတွေစတင်စုမိလာရာကနေ သတိမထားမိလိုက်ပဲ အသည်းမျက်နှာပြင်တစ်ခုလုံးကို လွှမ်းသွားတဲ့အခါ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ပျက်လာပြီး ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေစုပုံလာပါတော့တယ်။
ပဏာမ အသည်းအဆီဖုံးတဲ့အဆင့်မှာ လျစ်လျူရှု မထားပဲ နေထိုင်စားသောက်ပုံပြင်ဆင်ပြီး အသည်းကို ပင်ပန်းစေမယ့် အပြုအမူတွေ ရှောင်ရှားလိုက်တဲ့အခါ နောက်ဆက်တွဲ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကြွပ်၊ အသည်းမာကြောကြမ်းခြင်း တို့ကိုကာကွယ်ပြီးသားဖြစ်စေပါတယ်။
"အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလဲ"
ကုသမှုရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးနည်းလမ်းကတော့
-ကိုယ်အလေးချိန်‌လျော့ချတာ၊
-လေ့ကျင့်ခန်းလုပ်တာနဲ့
-ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားတာဖြစ်ပါတယ်။
နောက်တစ်ခုအရေးကြီးတာကတော့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ကုသတာဖြစ်ပါတယ်။
-ဆီးချိုသမားတွေဆို ဆီးချိုထိန်းမယ်၊
-သွေးတွင်းအဆီဓါတ်များနေတဲ့သူတွေဆို ကိုလက်စရော ကျစေတဲ့ဆေးသောက်မယ်၊
-အဝလွန်နေတဲ့သူတွေဆို အဆီကျဆေးတွေသောက်ရမယ်၊
-သိုင်းရွိုက်ကြောင့်ဖြစ်တာဆိုရင်ဟော်မုန်းဆေးတွေသောက်ရမယ်။
နောက်ပြီး အသည်းရောင်အသားဝါ ရောဂါပိုးတွေ မဝင်ရောက်ဖို့ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးတွေ ထိုးထားဖို့လည်းလိုအပ်ပါတယ်။
အသည်းအဆီဖုံးတာနေ အသည်းခြောက်သွားတဲ့ လူနာတွေအတွက်တော့ အသည်းအစားထိုးကုသခြင်းကသာ အကောင်းဆုံး ကုသခြင်းနည်းလမ်းပါ။
သဘာဝနည်းလမ်းတွေနဲ့လည်း အသည်းအဆီဖုံးခြင်းကို ကုသလို့ရပါသေးတယ် ။
ဗီတာမင် E – ဗီတာမင် E မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းတွေကို ကာကွယ်ပေးပြီး အသည်းရောင်တာ အသည်းအဆိပ်အတောက်ဖြစ်တာတွေကို လျှော့ချပေးပါတယ်။ ဒါပေမယ့် သေချာအောင်တော့ လေ့လာမှုတွေ ဆက်လုပ်နေဆဲပါ။
အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ ကတော့
အုတ်ဂျုံ oat
အမျှင်ဓာတ်များတဲ့ အစားအစာတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာတည်းက အုတ်ဂျုံ(ကွေကာအုတ်)နဲ့ တစ်နေ့တာကို အစပြုရတာ ကောင်းပါတယ်။ သုတေသနတွေအရ အုတ်ဂျုံဟာ ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီကိုကျစေနိုင်တယ်ဆိုတော့ အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။
အဆီများတဲ့အစားအစာ
အာလူးချောင်းကြော်နဲ့ ဘာဂါတွေက အသည်းကျန်းမာရေးအတွက် မကောင်းတဲ့အရာတွေပါ။ ပြည့်ဝဆီတွေများတဲ့ အစားအစာတွေ စားတာများရင် အသည်းရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပြီး အသည်းကို အရွတ်ဖြစ်စေမယ်၊ အသည်းခြောက်လာစေနိုင်တယ်။
ပန်းဂေါ်ဖီစိမ်း
အသည်းကျန်းမာချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေများများစားပါ။ အဲဒီထဲကမှ ပန်းဂေါ်ဖီစိမ်းက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။
ကော်ဖီ
ကော်ဖီက အသည်းအတွက် ကောင်းကျိုးဖြစ်စေတယ်ဆိုတာ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်းပါပဲ။ တစ်နေ့ကို ကော်ဖီနှစ်ခွက်၊ သုံးခွက်သောက်ရင် အရက်သောက်ခြင်း သို့မဟုတ် အစားအစာကြောင့် အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြပေးပါတယ်။ အသည်းကင်ဆာဖြစ်နိုင်ခြေကိုလည်း ပိုနည်းစေနိုင်တယ်လို့ သုတေသနတချို့က ဆိုပါတယ်။
အချို
အချိုစားတာများလွန်းရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ သကြားဓာတ်ကို အဆီအဖြစ်ပြောင်းလဲပေးရတာက အသည်းရဲ့ လုပ်ဆောင်ချက်တစ်စိတ်တစ်ပိုင်းမို့ အလွန်အကျွံလုပ်ရတဲ့အခါ ကြာလာရင် အသည်းအဆီဖုံးရောဂါလို မူမမှန်ပြောင်းလဲမှုတွေဖြစ်လာစေနိုင်ပါတယ်။
ရေ​နွေးကြမ်း Green Tea
လက်ဖက်စိမ်းမှာ catechins လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အသည်းကင်ဆာအပါအဝင် ကင်ဆာတချို့ကို ကာကွယ်နိုင်ပါတယ်။ ပူပူလေး၊ နွေးနွေးလေးသောက်မှသာ လက်ဖက်စိမ်းရဲ့ ဒီအာနိသင်ကို ပိုရနိုင်မှာပါ။ လက်ဖက်စိမ်းကို အအေးတွေ၊ အသင့်သောက်လက်ဖက်စိမ်းရည်တွေနဲ့ဆို ပမာဏရရှိမှုနည်းပါတယ်။
ရေ
အသည်းအတွက် ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ဂက်စ်ပါတဲ့အချိုရည်တွေနဲ့ စွမ်းအားဖြည့်အချိုရည်တွေသောက်မယ့်အစား ရေသောက်တတ်တဲ့အကျင့်လုပ်ပါ။ တစ်နေ့တာမှာ ကယ်လိုရီဘယ်လောက်လျှော့နိုင်လဲဆိုတာ အံ့သြရပါလိမ့်မယ်။
ဗာဒံစေ့
အစေ့အဆန်တွေ၊ အထူးသဖြင့် ဗာဒံစေ့တွေက အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်တဲ့ ဗီတာမင် E ကြွယ်ဝတဲ့အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဗာဒံစေ့က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အပျင်းပြေဝါးရင်တောင် အကျိုးကျေးဇူးရှိနိုင်ပါတယ်။
အငန်
ခန္ဓာကိုယ်က အငန်ဓာတ်နည်းနည်းလိုအပ်တယ်ဆိုပေမယ့် သိပ်များလို့တော့မကောင်းပါဘူး။ လေ့လာမှုတစ်ခုအရ ဆိုဒီယမ်များတဲ့အစားအစာတွေက အသည်းခြောက်ခြင်းရဲ့ ရှေ့ပြေးအဆင့်ဖြစ်တဲ့ fibrosis ကိုဖြစ်လာစေနိုင်ပါတယ်။ ပြုပြင်စီမံထားတဲ့စားစရာတွေကလည်း အငန်ပါဝင်မှုများတာကြောင့် ရှောင်ပါ၊ လျှော့စားပါ။
ဟင်းနုနွယ်
ဟင်းနုနွယ်လို အစိမ်းရောင်အသီးအရွက်တွေမှာ glutathione လို့ခေါ်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့အတွက် အသည်းကျန်းမာစေနိုင်ပါတယ်။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာပါတဲ့ polyphenols က အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်ပါတယ်။ အဲဒီကတဆင့် အဝလွန်ခြင်းနဲ့ ကိုလက်စထရောများခြင်းတွေကိုပါ ကာကွယ်နိုင်တာဖြစ်ပါတယ်။ အနက်ရောင်ချောကလက်၊ သံလွင်သီးနဲ့ ဆီးသီးတို့မှာလည်း polyphenols ကြွယ်ဝပါတယ်။
အရက်
အရက်သောက်တာ အသည်းအတွက်မကောင်းဘူးဆိုတာ သိကြပြီးသားပါ။ အရက်သောက်တာအချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်ခြင်းဘက် ဦးတည်လာပါတယ်။ ဆေးဖြစ်ဝါးဖြစ်ပဲ သောက်သောက်၊ အလုပ်ကိစ္စနဲ့ပဲသောက်သောက် ထိခိုက်မှာက မလွဲပါဘူး။
#ကျန်းမာရေးဗဟုသုတ
#crd

image