မြန်မာ့အရေး အာလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အီးယူနဲ့ အခြားနိုင်ငံတွေ တိုက်တွန်း

ဇန်နဝါရီ ၇

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ရောက်ရှိစေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဥရောပသမဂ္ဂအဖွဲ့(အီးယူ)၊ အမေရိကန်အပါအဝင် အခြားနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ရန်၊ ကန့်သတ်ရန်၊ အပြင်းအထန်ပဋိပက္ခတွေကို လျှော့ချရန်၊ ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ပါ ထပ်မံတိုက်တွန်းထားပါတယ်။

အကျပ်အတည်းအတွက် အဖြေရှာကြရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ဘုံသဘောတူညီချက် ငါးချက်နဲ့ ကိုက်ညီတဲ့ အာဆီယံ ဥက္ကဋ္ဌနှင့် အထူးသံတမန်ရဲ့ လုပ်ငန်းအပါအဝင် အာဆီယံရဲ့ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်းလည်း ပြောဆိုထားပါတယ်။

နစကနဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှုများ လျော့ပါးရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရန်၊ အရပ်သားပြည်သူကိူ အကာအကွယ်ပေးရန်၊ အမျိုးသမီး၊ ကလေးသူငယ်၊ တိုင်းရင်းသားတွေနဲ့ လူနည်းစုအုပ်စုဝင် အပါအဝင် လိုအပ်နေတဲ့ ပြည်သူအားလုံးအတွက် ဘေးကင်းပြီး အတားအဆီးမဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့တွေ အပြည့်အဝ ဝင်ရောက်ခွင့်ကို ခွင့်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကြောင့် လူပေါင်း ၃.၅ သန်းကျော် အိမ်ယာစွန့်ခွာကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အချို့မှာ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။ ပြည်သူပေါင်း ၁၅ သန်းကျော်မှာတော့ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရတဲ့အပြင် ဆေးဝါးအကူအညီများပေးပို့မှုကို ဟန့်တားထားတဲ့ အကန့်အသတ်ကြောင့်လည်း ကာလဝမ်းရောဂါအပါအဝင် ရောဂါဖြစ်ပွားမှု မြင့်တက်လာနေတယ်လို့ဆိုပါတယ်။

ပဋိပက္ခများမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ အရပ်သားပြည်သူတွေ အတွက် လုံခြုံစိတ်ချရတဲ့ နေရာ မရှိခြင်းနဲ့ မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုမှ ရှောင်တိမ်းနေတဲ့ အရပ်သားပြည်သူ အပေါ် တိုက်ခိုက်မှုကို စိုးရိမ်ပူပန်မိကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာတဲ့အပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဥရောပသမဂ္ဂကိုယ်စား အဆင်မြင့်ကိုယ်စားလှယ် နဲ့ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်၊ တီမော-လက်စ်တေး နှင့် ယူနိုက်တက်ကင်းဒမ်းတို့မှ အစိုးရတွေရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်တဲ့ ပူးတွဲထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်ပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image