ပတ်စ်ပို့အတုလုပ်၍ တရားမဝင်လုပ်သားပို့သူများ ဖမ်းဆီးခံရ

ဇန်နဝါရီ ၇

မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)အတု လုပ်၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ ဆောင်သူများအား ဖမ်းဆီးရမိခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က မြဝတီမြို့၊ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့ က မဲဆောက်မြို့သို့ သွားမည့် သက်နန္ဒာဝင်း ခေါ်ဆောင်လာသည့် အမျိုးသမီးငယ် ၃ ဦး အပါအဝင် မြန်မာလူငယ် ၁၁ ဦးကို ပတ်စ်ပို့စာအုပ်အတု ၁၁ အုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ဖမ်းဆီးရမိသည့် ၁၁ ဦးအနက် မနှင်းအိဖြူ (တောင်တွင်းကြီးမြို့နယ်နေ)ပါ ၉ ဦးကို ရန်ကုန်တိုင်း ‌ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း(အထက်)၊ ဒုတိယထပ်၊ အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်)ဗလတို့က တစ်ဦးလျှင် ဝန်ဆောင်ခ ကျပ်သိန်း ၈၀ စီရယူ၍လည်းကောင်း၊ ကျောက်တံတားမြို့နယ်ရှိ Central Tower တတိယထပ်၊ အခန်း (၃၀၂)ရှိ လျမ်းထက်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူ၍ ပတ်စ်ပို့စာအုပ်အတု ပြုလုပ်ပေးကာ မြဝတီမြို့မှတဆင့် ထိုင်းသို့ပို့ဆောင် ပြီး မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့ကြောင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို အမှုဖွင့်အရေးယူထားကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလနှင့် လျမ်းထက်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ ပတ်စ်ပို့စာအုပ်အတုလုပ်သူ ကမာရွတ်မြို့နယ်နေ ညိုမင်း၊ လှိုင်မြို့ နယ်နေ ဂျွန်ကိုကို(ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ထွန်းရီ၊ ပန်းဘဲတန်းမြို့နယ်နေ စန်းဝင်း(ခေါ်)ရဖီး၊ ဒဂုံမြို့သစ်(မြောက် ပိုင်း)နေ သန့်ဇင်ဦး စသည့် စုစုပေါင်း ၈ ဦး ဖမ်းဆီးရမိခဲ့သည်။

ဂျွန်ကိုကို အနေဖြင့် ဗလနှင့် စုမြတ်တို့အပါ ၁၄ ဦးတို့ အပ်နှံသည့် နိုင်ငံကူးလက်မှတ် အတု ၇၃၄ အုပ်အား အတုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမှုမှထွက်ပြေးတိမ်းရှောင်နေသည့် ကျန်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

#centralnewsnaypyitaw

image
image
image
image