ဥရောပသို့ ရုရှားဂက်စ်တင်ပို့မှု ယူကရိန်း ရပ်ဆိုင်း
-------------------
ယူကရိန်းနိုင်ငံက သူ့နိုင်ငံတွင်းက ဖြတ်သန်းပြီး ဥရောပကို ရုရှားဂက်စ်ပိုက်လိုင်းကနေ ဂက်စ်တင်ပို့နေမှုကို ဗုဒ္ဓဟူးနေ့က အဆုံးသတ်လိုက်ပါတယ်။ ရုရှားပိုင် ဂတ်စ်ပရွန်နဲ့ ယူကရိန်းကြား ၂၀၁၉ ခုနှစ်က ချုပ်ဆိုထားတဲ့ ဂက်စ် ဖြတ်သန်းတင်ပို့မှုဆိုင်ရာ သဘောတူညီချက် သက်တမ်းကုန်ုဆုံးသွားပြီးနောက် ယူကရိန်းက စာချုပ် ပြန်ချုပ်ဖို့ ငြင်းဆန်ပြီး ရပ်ဆိုင်းလိုက်တာပါ။
အခုလို ဂက်စ်တင်ပို့မှု ရပ်ဆိုင်းလိုက်တာဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကြောင့်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုလို ရပ်ဆိုင်းမှုဟာ မော်စကိုအတွက် အကြီးမားဆုံး အရေးနိမ့်မှု တွေထဲက တစ်ခုလို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောလိုက်ပါတယ်။
မော်စကိုဟာ စွမ်းအင်ကို လက်နက် သဖွယ်အသုံးချပြီး စွမ်းအင်ဝယ်ယူသုံးစွဲတဲ့ မိတ်ဖက်တွေကို အကြပ်ကိုင်မှု တွေ လုပ်နေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဥရောပကို ဂက်စ်ထောက်ပံ့မှု တိုးမြှင့်ပေးဖို့ မျှော်လင့် ကြောင်း ဇယ်လန်စကီးက သူရဲ့ တယ်လီဂရမ်ပို့စ်မှာ ရေးသားထားပါတယ်။
အခု ရပ်ဆိုင်းမှုအတွက် ယူကရိန်းက ရုရှားဆီကနေ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းတင်ပို့ခအဖြစ်ရရှိတဲ့ အမေရိကန် ဒေါ်လာ သန်း (၈၀၀) ဆုံးရှုံးမှာဖြစ်ပြီး ဂက်စ်တင်ပို့တဲ့ ဂက်စ်ပရွန်ကတော့ အမေရိကန်ဒေါ်လာ (၅)ဘီလီယံ လောက် နစ်နာဆုံးရှုံးမှာ ဖြစ်ပါတယ်။
