ကိုယ်ခန္ဓာအဆီထုတ် ကုသမှု ခံယူရန် သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အလောင်းစွန့်ပစ်ခံရ
----------------------------------------
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆေးခန်းတစ်ခုမှာ ကိုယ်ခန္ဓာ အဆီထုတ် ကုသမှုခံယူဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပြီး စွန့်ပစ် ထားတဲ့ အလောင်းသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။
အဲဒီ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ကျောက်တံတားမြို့နယ်မှာ နေထိုင်ပြီး ဒီဇင်ဘာ ၂၇ ရက် ၊ ညနေပိုင်းက အလုပ်က အပြန် သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic မှာ ကိုယ်ခန္ဓာ အဆီထုတ်ဖို့ သွားရောက်ခဲ့ပြီးနောက် မိသားစု၊ မိတ်ဆွေတွေ နဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲအတွက် သက်ဆိုင်ရာ ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ခြောက်ရက်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာသာ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း သေဆုံးနေတဲ့ ရုပ်အ လောင်းသာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။
သေဆုံးသူ အမျိုးသမီး ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိချိန်မှာတော့ သူမဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာ တွေကို တွေ့ရှိခဲ့ပေမယ့် လက်ကိုင်ဖုန်းတော့ ရှာတွေ့တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာတော့ ညိုမဲဒဏ်ရာတွေ တွေ့ရှိရသလို ကျောဘက်မှာ လည်း အပေါက်တွေနဲ့ ပလာစတာတွေ ကပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့လည်း သေဆုံးသူရဲ့ သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ အမျိုးသမီး သွားရောက်ခဲ့တဲ့ အလှအပရေးရာ ဆေးခန်း IRIS Beauty Clinic မှာ ပိတ်ထားပြီး ဆိုင်ရှင် အမျိုးသမီးလည်း လူမှုကွန်ရက်အကောင့်တွေကို ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
