အွန်လိုင်းလောင်းကစားစနစ်နှင့် VPN App တည်ဆောက်ခြင်းများကို ဆိုက်ဘာလုံခြုံရေးဥပဒေဖြင့် အရေးယူမည်။
အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစားလုပ်ခြင်း၊ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းအပြင် Virtual Private Network (VPN) ဝန်ဆောင်မှုပေးခြင်းများကို ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ ၁ ရက်၊ နေ့စွဲဖြင့် နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် နိုင်ငံ့အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်မှုက ကာကွယ်ရန်နှင့် ဆိုက်ဘာမှုခင်းများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် ယင်းဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၇၂) တွင် မည်သူမဆို အများပြည်သူကြည့်ရှုရန် မသင့်သော သတင်းအချက်လက်များကို ဖက်စ်၊ အီးမေးလ်အပြင် နည်းပညာဖြင့် ဖန်တီးထားသည့် လူမှုကွန်ရက်များ အသုံးပြုပြီး ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်းများအတွက် ထောင်ဒဏ်အနည်းဆုံး တစ်လက ခြောက်လ၊ ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ်သိန်းတစ်ရာအထိ ချမှတ်မည့်အပြင် ဒဏ်နှစ်ရပ်စလုံးကိုလည်း ချမှတ်မည်ဟု ဖော်ပြထားကြောင်း သိရသည်။
လက်ရှိ ပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၇၀) တွင် တရားမဝင် VPN ဝန်ဆောင်မှုအတွက် ထောင်ဒဏ်အများဆုံး ခြောက်လအထိ၊ ဒဏ်ငွေအနည်းဆုံး ကျပ်ဆယ်သိန်းမှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ခံရမည်ဖြစ်ပြီး ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ကြောင်း အတိအလင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် VPN ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများလည်း ထိခိုက်လာနိုင်ပြီး လက်ရှိ ဝန်ဆောင်မှုပေးခြင်းကို ရပ်နားထားရကြောင်း Virtual Private Network (VPN) ဝန်ဆောင်မှုပေးနေသူများထံက သိရသည်။
အဆိုပါ ဥပဒေကြောင့် VPN အသုံးပြုပြီး လူမှုကွန်ရက်က စီးပွားရေးလုပ်နေသူများကိုပါ ထိခိုက်လာနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား လုပ်ဆောင်သူများအတွက် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် အနည်းဆုံး ခြောက်လမှ တစ်နှစ်ချမှတ်မည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်မည်ဟု ဖော်ပြချက်အရ သိရသည်။
လက်ရှိ ဆိုက်ဘာလုံခြုံရေးဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များသည် ပြည်တွင်းသာမက ပြည်ပရောက်နိုင်ငံသားများကိုပါ သက်ရောက်မှုရှိနေကြောင်း ၄င်းစာရည်ညွှန်းချက်အရ သိရသည်။
#updatenews
#crd


