တောင်ကိုရီးယားသို့ ဘလင်ကန် လာရောက်မည်
............
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်ကို စတင်ဖို့ရှိတယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လာရောက်မှာပါ။
ဒီခရီးစဉ်ဟာ ထရမ့်အစိုးရ စတင်တာဝန်မယူမီ ဘလင်ကန်ရဲ့ နောက်ဆုံးနိုင်ငံတကာ ခရီးစဉ်လည်းဖြစ်ပြီး ဂျပန်နဲ့ ပြင်သစ်တို့ကိုပါ သွားရောက်ဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာလရှည်ကြာစွာ မဟာမိတ်တွေအဖြစ် ဆက်ဆံခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်မှုအပေါ် စိုးရိမ်စရာတွေ ရှိလာတာပါ။
ဘလင်ကန်ဟာ ဇန်နဝါရီ ၆ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ ရှိနေပြီး အမေရိကန်- တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေး တိုးတက်မှုအခြေအနေ၊ အမေရိကန်- ဂျပန် - တောင်ကိုရီးယား ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ မြောက်ကိုရီးယား ပြဿနာအပြင်၊ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားခရီးစဉ်အပြီးမှာ ဘလင်ကန်ဟာ ဂျပန်ကို သွားရောက်မှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တိုးတက်မှု အခြေအနေကို ဆွေးနွေးသုံးသပ်ဖို့ ရှိနေပါတယ်။
ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၄ ဘီလီယံတန်ဖိုးရှိတဲ့ တာလတ်ပစ်ဒုံးကျည်တွေ ဂျပန်ကိုရောင်းချမယ့် အစီအစဉ်၊ ဆက်စပ်ပစ္စည်းတွေနဲ့ လေ့ကျင့်ရေးကိစ္စတွေလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။
ဘလင်ကန်ဟာ သူ့ရဲ့ခရီးစဉ်ကို ပြင်သစ်မှာ ပြီးဆုံးစေမှာဖြစ်ပြီး ယူကရိန်း၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ဥရောပ လုံခြုံရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
