တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား - မန္တလေးကားလမ်းပြန်ဖွင့်
ဇန်နဝါရီ ၅
တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနားမန္တလေး ကားလမ်းကို သွားလာခွင့်ပြန်ခွင့်ပြုလိုက်ပြီဖြစ်တယ် လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့က ဇန္နဝါရီလ ၄ ရက်နေ့ကစပြီး မြစ်ကြီးနား - မန္တလေးကားလမ်းကို ပြန်ဖွင့်ပေးကာ သွားလာခွင့်ပြုလိုက်တာဖြစ်လို့ ရာနဲ့ချီ ပိတ်မိနေတဲ့အတက်အဆင်းကား တွေ သွားခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။
"မနေ့ကပွင့်တာပါ။လမ်းကြောင်းက ၃၁ ရက်မှာ အတက် အဆင်းအကုန်လုံး ပိတ်တယ်။ဟိုဘက်ရောပိတ်ဒီဘက်ရောပိတ်ပေါ့အစုံပဲ။အခုလမ်းပြန်ဖွင့်တော့ ရှောင်ကွင်းလမ်းကသွားရတာပေါ့။အင်းတော်လည်းကွင်းလမ်းပဲ။ရွှေဘိုဘက်ကတော့တိုက်ပွဲတွေကြောင့်ပြန်မဖွင့်သေးဘူး။ကွင်းလမ်းကလည်းလမ်းမကောင်းဘူး။မြေကြီးလမ်းရွာလမ်းဆိုတော့ ကားတစီးသွားပြီးရင်နောက်ကားတန်းသွားဖို့မလွယ်ဘူး။" လို့ မြစ်ကြီးနားဒေသခံကပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူနယ်ဘက်မှာဖြစ်နေတဲ့တိုက်ပွဲကြောင့် ဒီဇင်ဘာ ၂၈ ရက်မှာ မန္တလေးမှ မြစ်ကြီးနား အတက်ကားတွေကိုသွားလာခွင့်ပိတ်ခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်မှာတော့ မြစ်ကြီးနားကနေ မန္တလေးအဆင်ကားတွေကိုသွားလာခွင့်ထပ်မံပိတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မြစ်ကြီးနားကနေ မန္တလေးကို ဆင်းမယ့်ကားတွေက ကန့်ဘလူမြို့နယ် ပေကြီးရွာမှာ ပိတ်မိခဲ့ပြီး မန္တလေးကနေ မြစ်ကြီးနားကို တက်မယ့် ကားတွေကတော့ ကန့်ဘလူမြို့နယ် ဇီးကုန်းလမ်းဆုံမှာ ပိတ်မိခဲ့ကြတာဖြစ်ကြောင်း၊ လက်ရှိမှာတော့ကားလမ်းပွင့်လို့ သွားလာနေကြပြီဖြစ်ပါတယ်။
ကားလမ်းပွင့်သွားပြီဖြစ်တာကြောင့် မြစ်ကြီးနား မန္တလေးကုန်စည်စီးဆင်းမှုလည်းမြန်သွားပြီဖြစ်ကြောင်း၊ မြစ်ကြီးနား - မန္တလေးခရီးစဥ်က လက်ရှိရှောင်ကွင်းလမ်းကနေသွားရာမှာ တိုက်ပွဲမရှိ လမ်းမပိတ်ပါက ကားလေးဆိုရင်တညအိပ်နှစ်ရက်ကြာမြင့်ပြီး ကားကြီးတွေကတော့ နှစ်ညအိပ်သုံးရက်ကြာနိုင်တယ်လို့သိရပါတယ်။
မြစ်ကြီးနားမန္တလေးကားလမ်းပိုင်းမှာတော့ ပြီးခဲ့တဲ့ဩဂုတ်လကစပြီး KIA ၊PDF ပူးပေါင်းတပ် တွေနဲ့နစကတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။
Photo : CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
