Part-3
အမျိုးသားစာပေ တသက်တာစာပေဆုရ ဆရာမောင်သာနိုး အမှတ်တရ
၁၉၆၅ ခုနှစ် သင်္ကြန်အပြီးလောက်မှာ ရန်ကုန်မြို့ ၊ ကျွန်တော့်အစ်ကို ကိုကိုးမြင့် အိမ်မှာ ကျွန်တော်ရောက်နေတုန်း ဆရာနိုးရောက်လာလို့ ဆုံမိကြပါတယ်။ အတူ တည်းခိုနေထိုင်ကြတာဆိုတော့ ကျွန်တော့်အစ်ကို(အမြတ်ခွန်) အလုပ်သွားရင် ကျွန် တော်တို့နှစ်ယောက် စာအတူဖတ်ကြ ဆွေးနွေးကြနဲ့ ပိုရင်းနှီးသွားပါတယ်။
တစ်နေ့မှာတော့ ဆရာနိုးတောင်းဆိုလို့ ကျွန်တော့်အစ်ကိုက လခထုတ်ပြီး အင်းယားလိပ်ဟိုတယ်မှာ လိုက်ပြုစုပါတယ်။ ရုပ်ရှင်မင်းသားကြီး မြတ်လေးနဲ့ တွေ့ တော့ ဆရာနိုးကို အကြောင်းပြုပြီး ဝီစကီတစ်ဖန်ခွက်စီ ကျွန်တော်တို့အဖွဲ့ကို တိုက်သွားပါတယ်။ ကျောင်းသားခေါင်းဆောင်ချင်း သိကျွမ်းနေကြတာကိုး။
တစ်ခါမှာတော့ ကျွန်တော့်အစ်ကိုက ဆရာနိုးတို့ ကျွန်တော်တို့ကို ရုပ်သေးပွဲ တစ်ပွဲ လိုက်ပြပါတယ်။ အစိုးရဇာတ်ရုံထင်ပါရဲ့။ ရုပ်သေးက အလွန်ကောင်းပါ တယ်။ ဆရာနိုးက မန္တလေးပြန်ရောက်တော့ အဲ့ဒီရုပ်သေးသွားကြည့်တဲ့အကြောင်းနဲ့ ရုပ်သေးကောင်းကြောင်း ဝေဖန်တဲ့ဆောင်းပါး လူထုသတင်းစာမှာရေးတယ်။ အဲ့ဒီ အချိန်က ဆရာနိုးက လူထုသတင်းစာနဲ့ မန်းခေတ်သတင်းစာ အယ်ဒီတာပါ။ သျှန်တက္ကသိုလ်ဝင်ကျောင်းမှာလည်း အင်္ဂလိပ်စာဆရာ လုပ်ပါတယ်။
၁၉၆၉ ခုနှစ်နှောင်းပိုင်းမှာ ကျွန်တော်က အစိုးရဌာနမှာ အလုပ်ရလို့ ရန်ကုန် ရောက်လာတော့ ဆရာနိုးတို့ မေမြို့မိုးကြည်တို့၊ ဘကြီးမိုး (မောင်မိုးသူ)တို့လည်း ရန်ကုန်ရောက်နေကြပါပြီ။ ဒါကြောင့် ပြန်ဆုံကြပါတယ်။
ကျွန်တော်က ဆရာဂျမ်းနဲ့ ဒေါ်မြင့်မြင့်စန်း မိသားစုနေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းမှာ တည်းခိုနေထိုင်ပါတယ်။ ကျွန်တော် ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့ရုံးမှာ အလုပ်ရပါတယ်။ (ဆရာဂျမ်းတို့သမီး မိုးစံတို့ မိုးအေးတို့ မိုးနှင်းတို့ ငယ်ငယ်ကပါ) အခု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန (က.ည.န)ရဲ့ မူလရုံးပါ။ ဆရာဂျမ်းက သူ့သူငယ်ချင်း အသိရှိတယ်ဆိုပြီး ရုံး လိုက်ပို့ပါတယ်။ အဲဒီရုံးဌာနက အဲ့ဒီတုန်းက ရန်ကုန်ဘူတာကြီးအနောက်ဖျားမှာ ဆိုတော့ ဆရာနိုးနေတဲ့ ဆူးလေတိုက်ခန်းနဲ့ မဝေးဘူးပေါ့။ ကျွန်တော့်အစ်ကိုက မန္တလေးမှာ တာဝန်ထမ်းဆောင်နေရာက မိန်းမရပြီး ရန်ကုန်ပြောင်းလာပါတယ်။ ဒါကြောင့် ကျွန်တော် သူတို့နဲ့အတူ လိုက်နေပါတယ်။
၁၉၇ဝ ပြည့်နှစ် နှစ်ဦးပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲက ဟောပြောပွဲစီစဉ်ပေးဖို့ပြောပါတယ်။ အရင်နှစ် (၁၉၆၉ ခုနှစ်)တုန်းကတော့ ကျွန် တော်က နောင်ချို အ.ထ.က၊ ကိုရွှေထူး (မောင်သူရိန်၊ အောင်ဇေယျ)က ကျောက်မဲ အ.ထ.က၊ ကျွန်တော့်ညီ မောင်မျိုးမြင့် (မောင်မျိုးမြတ်)က သီပေါ အ.ထ.က ကျောင်းမှာ ဆရာလုပ်နေကြတာဆိုတော့ ဦးလေးလူထုဦးလှ၊ ဒေါက်တာသန်းထွန်းနဲ့ ဆရာဂုဏ်ထူးဦးသိန်းနိုင်တို့ကို ဖိတ်ကြားပြီး ဟောပြောပွဲတွေ လုပ်ခဲ့ကြပါတယ်။ အခု ကျွန်တော်က ရန်ကုန်မှာဆိုတော့ ရန်ကုန်ကပဲ စီစဉ်ရပါတယ်။ ဒါနဲ့ ဆရာနိုး၊ ဆရာဂျမ်း(တင်မိုး)၊ မောင်သိန်းဆိုင်၊ ပန်းချီစံတိုး၊ အင်းလေးမောင်တင်မြိုင်နဲ့ ကျွန်တော်(သန်းဌေး)တို့ သွားရောက်ဟောပြောကြပါတယ်။ အဆင်ပြေကြပါတယ်။ ကျွန်တော်တို့အဖွဲ့က အစားအသောက် လက်ရည်တူတွေဆိုတော့ ရန်ကုန်က ကျောက်မဲ၊ သီပေါ။ ကျောက်မဲ၊ သီပေါက ရန်ကုန် အသွားအပြန် မီးရထားတစ်တွဲ တည်း အတူစီးပြီး တပျော်တပါး စကားလက်ဆုံ ပြောမကုန် ရယ်ရ မောရ စား သောက်ရတာတွေကလည်း မမေ့နိုင်စရာတွေပါပဲ။
#ဆက်ရန်ရှိ