Part-2
အမျိုးသားစာပေ တသက်တာစာပေဆုရ ဆရာမောင်သာနိုး အမှတ်တရ
အညာမြေခေတ်ကဗျာများ စာအုပ်မှာပါတဲ့ ဆရာမောင်သာနိုးရေးတဲ့ ကဗျာက ဆန်းသစ်တဲ့ ခေတ်ရှေ့ပြေး ကဗျာတစ်ပုဒ်အဖြစ် တွေ့ ရှိရပါတယ်။ အညာမြေခေတ် ကဗျာစာအုပ် မရှိတော့ပေမဲ့ မှတ်မိသလောက် ပြောရရင်တော့ ကဗျာအစပိုင်းမှာ-
ဤအကလေး
ဆင်းသွေးနုဖပ်
အဝတ်
မြင်ဖွယ်မကောင်း။
ကျောင်း
မသွားနိုင်။... ဆိုတဲ့ ကဗျာပုံစံအဖွဲ့မျိုး
“ငါ့ပြည်သူမှာ ဟာကျူလီတမျှ”ဆိုတဲ့ အသုံးမျိုး ရေးဖွဲ ့ထားတာ တွေ့ရ ပါတယ်။ အဲ့ဒီအချိန်ပိုင်းလောက်က ဆရာမောင်သာနိုးရေးတဲ့ “မလင်းပြာ” ကဗျာ ဟာလည်း အလွန်ထင်ရှားတဲ့ ကဗျာပါပဲ။
ဆရာနိုးဟာ စစ်ကိုင်းဇာတိဖြစ်ပြီး အဖ မြို့အုပ် ဦးခင်မောင်ကလေး အမိ ဒေါ်စံမြင့်၊ ဖခင်ဘက်မှ အဘိုးက တိုင်တားမင်းကြီးရဲ့ သား တောင်ထားဝယ်ဗိုလ် ကျောက်ဆောက်မြို့စား မောင်မောင်လေးမို့ ကျောက်ဆောက်သာနိုးလို့လည်း သိကြ ပါတယ်။ ဆရာနိုးရဲ့ အဘွားက မြို့ဝန်ဦးပေစိနဲ့ သုံးမြို့စားသခင်ကြီးတို့ရဲ့ သမီး ဒေါ်သီတာခင်ထွေးလို့ ဆိုပါတယ်။ ဆရာနိုးဟာ တိုင်တားမင်းကြီးရဲ့ မြစ် ဖြစ်ပြီး စာဆိုတော် လက်ဝဲသုန္ဒရတို. ဦးကျောက်ခဲတို့ကလည်း ဆရာနိုးရဲ့ ဘိုးဘေးတွေ ဆိုပဲ။ ထက်မြက်တဲ့ မျိုးနွယ်တွေပါ။
ဆရာမောင်သာနိုးရဲ့ ကလောင်နာမည်က မောင်သိင်္ဂါပါ၊ ဆရာဂျမ်းရဲ့ အမေ့ကျောင်းကဗျာများ စာအုပ်၊ ဆရာနိုးရဲ့ “မက်စ်ဝါဒနဲ့ကဗျာ” စာအုပ်တွေကို ဆရာဂျမ်းရဲ့ ဖန်မီးအိမ်စာအုပ်တိုက်က စတင်ထုတ်ဝေတာပါ။ ဆရာဂျမ်းက “မောင်သိင်္ဂါ ကလောင်နာမည်က နုလွန်းပါတယ်။ နာမည်ရင်းပဲ ခန့်ပါတယ်” ဆိုပြီး ပြောင်းခိုင်းလို့ မေမောင်သာနိုး ဖြစ်သွားတာလို့ ဆရာနိုးက ရေးထားပါတယ်။ ကျွန်တော့် ကလောင်နာမည်ကိုလည်း နာမည်ရင်း သန်းဌေးနဲ့ ရေးပါလို့ ဆရာဂျမ်း ကပြောလို သီတာရေကြည် ကဗျာများမှာ သန်းဌေးနဲ့ပဲ ရေးလိုက်တာပါ။ ဆရာ မောင်စွမ်းရည်တို့ ဆရာကြည်အောင်တို့ကိုလည်း ဆရာဂျမ်းပဲ ကလောင်နာမည် ပေးခဲ့တာလို့ သိရပါတယ်။ ဆရာဂျမ်းက အင်္ဂလိပ်စာကျွမ်းကျင်တဲ့ ဆရာနိုးကို မဟာဝိဇ္ဇာတန်းမှာ မြန်မာစာယူပြီး ဘွဲ့ယူဖို့ အကြံပေးခဲ့တာပါတဲ့။ ကျွန်တော့်ကို တော့ အင်္ဂလိပ်စာနဲ့ ဝိဇ္ဇာဘွဲ့ယူဖို့ဆရာဂျမ်းကပဲ အကြံပေးခဲ့တာပါ။ ဆရာနိုးက အင်္ဂလိပ်စာ၊ မြန်မာစာ အထူးကျွမ်းကျင်ပါတယ်။
တကယ်တော့ ဆရာနိုးက မန္တလေးတက္ကသိုလ်ကို ၁၉၅၀ ခုကတည်းက ရောက်ခဲ့ပါတယ်။ ကိုစောလွင်၊ တက္ကသိုလ် နွယ်ထွန်း၊ ကိုအောင်သျှန်၊ ကိုပေါက် စည် (အင်ဒရူးမြဟန်)၊ တက္ကသိုလ်ဝင်း၊ ကိုကိုးမြင့်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ကိုကိုကြီး (ဒွါရာဝတီဘုန်းလူ/ဗိုလ်ကိုးလံ)တို့ ခေတ်ကပါ။ တကယ့် စီနီယာ တွေပါ။ ဆရာနိုးကတော့ မောင်မိုးသူ၊ မောင်စွမ်းရည်၊ ကသာဝင်းကြွယ်၊ မောင်သိန် နိုင်၊ တင်မိုး၊ Hလွင် (မောင်ဌေးဦး)စတဲ့ တက္ကသိုလ်ကျောင်းသားတွေအထိ အတူ လှုပ်ရှားခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ယောက်ပါ။ ကျွန်တော့်အစ်ကို ကိုကိုးမြင့်(အောင်ကိုး)ကလည်း မန္တလေးတက္ကသိုလ် မြန်မာစာအသင်းဥက္ကဋ္ဌ၊ ပါဠိ အသင်း အတွင်းရေးမှူးဆိုတော့ ဆရာနိုးနဲ့ အလွန်ရင်းနှီးချစ်ခင်ကြပါတယ်။
#ဆက်ရန်ရှိ