~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“နားထောင်ရင်း အိပ်နော် ။ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ တီးပြမယ်”
မောင့်မျက်နှာကို တစ်ချက် ငုံ့ကြည့်လိုက်သောအခါ မောင်သည် ကလေးငယ်တစ်ယောက်လို မျက်တောင်စင်းနေသည်။
မနက်ဖြန် ကျလျှင်တော့ ကျွန်မ ပြန်မှဖြစ်မည်။ နောက်ပြီး မန္တလေးမှာ ကျွန်မနှင့် မောင့်အတွက် ဤအိမ် မရှိမှ ဖြစ်မည်။ မောင် မေ့ပျောက်ထားပြီးသော ဝေဒနာတစ်ခုကို အသစ်ပြန် ဖန်တီးပေးသလိုလည်း မဖြစ်စေလိုပါ။
ငယ်စဉ်က xxx ကလေးတို့ဘ၀မှာ xxx ပျော်ပါးဖို့ရာ လွယ်ပါတယ် xxx ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ xxx စားချိန်မှာ ၀င်စားမယ် xxx အိပ်ချိန်မှာ ၀င်အိမ်မယ် xxx
အပူအပင်ကင်းမဲ့တဲ့ ကလေးလေးဘ၀သာ xxx တစ်ခါပြန်ပြီး ရချင်သေးတယ် xxx အပြစ်မသိသေးတဲ့ xxx
ရုတ်တရက် တုန်ခိုက်လာသောအသံများကြောင့် ကျွန်မ မောင့်ကို ရှက်ရွံ့စွာဖြင့် ရပ်တန့်ပစ်လိုက်မိသည်။
“မရဘူးမောင် ။ ကျွန်မ အသံတွေ ထိန်းလို့မရဘူး”
တလိမ့်လိမ့်ကျလာသော မျက်ရည်များကို သုတ်ပစ်ဖို့ လက်မအားသောကြောင့် ခေါင်းငဲ့၍ ပခုံးစွန်းဖြင့် ပွတ်သတ်ပစ်ရင်း တေးသွားအတိုင်း လက်က ဆက်တီးနေလိုက်သည်။
မောင်က အိပ်ရာမှ လက်ထောက်ကာ တစ်၀က်ထထိုင်၍ ကျွန်မ မျက်ရည်များကို ညင်သာစွာ ဖယ်ရှားပေးသည်။ ဂစ်တာတီးရင်း တစ်ချက် ရှိုက်လိုက်သောအခါ မောင်က “မိချစ်” ဟု အလန့်တကြား ရေရွတ်၍ ကျွန်မကို သူ့ဘက်လှည့်အောင် ဆွဲယူ၏။
“မငိုနဲ့ .. မငိုပါနဲ့။ ချစ်ကို မျက်ရည်တွေနဲ့တွေ့ရရင် ၊မောင် တအားငိုချင်တယ်။ ချစ်မငိုနဲ့နော်။ နင်ဖြစ်စေချင်တာ အကုန် မောင် လုပ်ပေးမယ်။ ပြော ချစ် ဘယ်လိုဖြစ်ချင်သလဲ”
ကျွန်မ လက်ထဲမှ ဂစ်တာကို ယူ၍ ဘေးချထားကာ ကျွန်မ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်သောအခါ ကျွန်မ ထိန်းချုပ်ဖို့ သတိရသွားသည်။
“စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်။ အခုတလော ကျွန်မကိုက မျက်ရည်လွယ်နေတာပါ ဘာမှမဖြစ်ပါဘူး မောင်ရဲ့”
ကျွန်မ အသံကတော့ ဘာမှ မဖြစ်သည့်အသံ မဟုတ်နိုင်ပါ။
“မောင်ဆိုးခဲ့တာတွေ ၊ ယုတ်မာခဲ့တာတွေ ၊ တွေဝေခဲ့တာတွေအတွက် နင် ခွင့်လွှတ်ဖို့ အများကြီး လိုသေးတယ်”
စိတ်ဆင်းရဲမှုကြောင့် မောင့်အသံသည် တိမ်၀င်၍ လေးပင်နေသည်။ ကျွန်မ မောင့်နဖူးကို လက်ဖြင့် အုပ်ကိုင်၍ စမ်းသပ်ပြီးနောက် ခေါင်းယမ်းပစ်လိုက်၏။
“မဟုတ်ဘူး ။ မဟုတ်ဘူး ။ မောင်နဲ့ ပတ်သက်ပြီး ခွင့်လွှတ်ဖို့ ဘာမှ မလိုအပ်ဘူး ။ ကျွန်မကိုသာ ခွင့်လွှတ်ဖို့လိုတာ”
“ဘာကိုလဲ”
“သိပ်ခိုင်လွန်းတဲ့ သံယောဇဉ်ကြိုးကိုပေါ့”
မောင်က သက်ပြင်းတစ်ချက် ရှိုက်ပြန်၏။
#ဆက်ရန်ရှိ
