မန္တလေးရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ (၃) ပိဿာ (၅၅) ကျပ်သားခန့်အား လုယက်မှုကျူးလွန်သူ (၂) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃ဝ,ဝဝဝခန့်)အား လုယက်မှုကျူးလွန်သူ အမျိုးသား ၂ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက် ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး (၅၂)နှစ်သည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်မပါ Click အနက်ရောင်ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်ဆင်ထားသည့် အမျိုးသား ၃ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၁ဦးမှာ ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး ၃ ပုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်) အား လုယက်ယူ ဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး မဟာအောင်မြေမြို့မရဲစခန်း (ပ) ၃၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ရွှေစင်အကယ်ဒမီရွှေဆိုင်အား လုယက်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် ၂ စီးအနက် 36W/ 96027 Honda CBR 150 အမျိုးအစား ဆိုင်ကယ်အား ချမ်းအေးသာစံမြို့နယ်၊ အလင်းရောင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသားတစ်ဦး (စိစစ်ဆဲ)မှ ပြန်လည်ရောင်းချပေးရန် လာရောက်အပ်နှံ ထားကြောင်းသိရှိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့ သည့်တရားခံ ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာနေ ဖြိုးသက်အောင် (ခ) ဖြိုးလေး (၂၅) နှစ်အား ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ K- Mandalayလက်ဖက်ရည်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ၎င်းနေအိမ်၌ သိမ်းဆည်းထားကြောင်း ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ရှိ Air Cooler အတွင်းမှ သက်သေခံရွှေထည် ပစ္စည်းမျိုးစုံ (၆၂) ကျပ်သား၊ (၄)ပဲ၊ (၂) ရွေးအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင် (ခ)ဖြိုး လေး၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာ၌ ပါဝင်သူ တရားခံ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နေ ဇင်မျိုးထိုက် (ခ)ဇင်မျိုး (၂၉)နှစ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် SGG-47W/12410 Honda Click ဆိုင်ကယ် ၁ စီး၊ နေအိမ်အပေါ်ထပ်ရှိ Air Con အပေါ်မှ လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (၂၄) ကျပ်သားခန့်တို့အားလည်းကောင်း၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သော ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ တရားခံ အောင်မျိုးသူအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းအသုံးပြုသော KYN-47B/5913 Honda Fit ယာဉ်၏လေထိုးစက် အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅ မူးသားအားလည်းကောင်း ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်တွင် ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှု ကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ဖြိုးသက်အောင် (ခ) ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
#centralnewsnaypyita
