မြန်မာနိုင်ငံ၏လူဦးရေ ၅၁သန်းကျော်ရှိဟု ရှေ့ပြေးလူဦးရေစာရင်းတွင်ဖော်ပြ
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၄ခုနှစ် စက်တင်ဘာ၃၀ရက် ညသန်းခေါင်ယံ၁၂နာရီ (သန်းခေါင်စာရင်းရည်ညွှန်းချိန်)မှာ ၅၁,၃၁၆,၇၅၆ဦး ရှိတယ်လို့ ဒီဇင်ဘာ၃၁ရက်မှာထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းမှာ ဖော်ပြထားပါတယ်။
ကောက်ယူရရှိတဲ့လူဦးရေက ၃၂,၁၉၁,၄၀၇ဦးဖြစ်ပြီး စာရင်းကောက်ယူနိုင်ခြင်းမရှိတဲ့ ဒေသတွေအတွက် Remote Sensingနည်းပညာနဲ့ ခန့်မှန်းတွက်ချက်ထားတဲ့လူဦးရေစာရင်းက ၁၉,၁၂၅,၃၄၉ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေကို ပင်မအစီရင်ခံစာ ထုတ်ပြန်ပြီးစီးချိန်အထိ ရှေ့ပြေးလူဦးရေကိန်းဂဏန်းတွေအဖြစ် အသုံးပြုသွားမယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ၁ရက်ကနေ အောက်တိုဘာ၁၅ရက်အထိ ကောင်ယူခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေလုံခြုံရေးအခြေအနေအရ တချို့ဒေသတွေမှာ ဒီဇင်ဘာဒုတိယပတ်အထိ ရက်တိုးမြှင့်ကောက်ယူခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာထုတ်ပြန်စဉ်က မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၅၁,၁၄၄,၆၀၇ဦးရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
