မြန်မာနိုင်ငံသား ၃ ဦးကရိုက်နှက်လို့မီဇိုရမ်​ပြည်နယ်သားတစ်ဦးသေဆုံးဟုဆို

ဒီဇင်ဘာ ၂၅

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ဖာရ်ကောန်ရွာသားဖြစ်တဲ့ ဦးဆန်းကီမ်မာ ( Pu Sangkima) အသက် ၄၅ နှစ် ဟာ မြန်မာ နိုင်ငံသား သုံးဦးရဲ့ရိုက်နှက်မှုကြောင့် ဒီဇင်ဘာလ ၂၄ ရက်မှာသေဆုံးသွားတယ်လို့  Farkawn YMA က ထုတ်ပြန်ထားပါတယ်။

ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖာရ်ကောန်ရွာ၊ Zawra ရပ်ကွက် လူငယ်အဖွဲ့ ( Zawra Veng – Young Mizo Association ) က “ဦးဆန်းကီမ်မာ ( Pu Sangkima) ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဖာရ်ကောန်ရွာအနီး Chawngtui လမ်းဆုံနားမှာ ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီးတော့ ဖာရ်ကောန်ရွာကိုပြန်လည်သယ်ဆောင်ပြီးနောက် ချက်ချင်း ကျန်ဖိုင်ခရိုင်ဆေးရုံကိုသယ်သွားခဲ့ကြတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ အိုင်ဇောလ်မြို့ရှိ ZMC ဆေးရုံ ကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဦးနှောက်ထဲသွေးဝင် တာကိုခွဲစိတ်ခဲ့တယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာဒုတိယအကြိမ် ထပ်မံခွဲစိတ်တယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဦးနှောက်ထဲကိုစက်နဲ့ပြန်ကြည့်တော့ သွေးခဲတွေသက်သာလာပြီ ဆိုပေမယ့် သတိမရနိုင်ပါ။ ဒီလိုနဲ့ ဆက်လက် စောင့်ကြည့်ရင်း ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်း ၈ နာရီခွဲမှာဆုံးပါး သွားတယ်။” လို့ ဆိုပါတယ်။

ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးသွားတဲ့အထိ ရိုက်နှက်ကြသူတွေဟာ မြန်မာနိုင်ငံ၊ချင်းပြည်နယ်က ဘုန်းဇုန်းရွာ (Bungzung) ဒေသခံဖြစ်တဲ့ ဦးတိုင်ထောန်လျန် (Tai Thawn Lian ) နဲ့ တလာအိုမွှန်ရွာ (Tlauhmun ) သားတွေဖြစ်ကြတဲ့ ကျဲအိုလျန်မွှန် ( Ceu Lian Hum) နဲ့ ဆူမ်လျန် (Sum Lian ) တို့ဖြစ်ကြတယ်လို့သိရပြီး သူတို့ဟာ မီဇိုရမ်ပြည်နယ် ဗာဖိုင်ကျေးရွာမှာ စစ်ဘေးရှောင်တဲ့ သူတို့အမျိုးတွေထံ လာလည်တဲ့သူတွေဖြစ်ကြ တယ်လို့သိရပါတယ်။

အခုလိုပြစ်မှုကျူးလွန်သူများအနက် ဦးတိုင်ထောန်လျန် (Tai Thawn Lian ) ကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ပြီး ကျန်ဖိုင်ခရိုင်အကျဥ်းထောင်မှာ အကျဥ်းချထားတယ်လို့သိရပါတယ်။ ကျန်တဲ့နှစ်ဦးက မြန်မာ ဘက်ကိုထွက်ပြေးလွတ်မြောက်နေပေမယ့် ဖမ်းဆီးနိုင်ဖို့ကြိုစားလျက်ရှိတယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ဖာရ်ကောန် Zawra ရပ်ကွက်လူငယ်အဖွဲ့က “ကျွန်တော်တို့အဖွဲ့ဝင်ဖြစ်တဲ့ ဦးဆန်းကီမ်မာ ( Pu Sangkima) သေဆုံးသွားတဲ့အပေါ်လွန်စွာစိတ်မကောင်းဖြစ်တယ်။ ကျူးလွန်သူများအားလုံးကိုဖမ်းဆီးပြီး တော့ သူတို့ကျူးလွန်ထားတဲ့ပြစ်မှုအတွက် ပြန်ပေးဆပ်ခိုင်းစေချင်တယ်။မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်နေလို့ စစ်ဘေး ရှောင်တွေကို ဂရုစိုက်ပေးနေတဲ့အချိန်မှာအခုလိုအဖြစ်မျိုး ဖြစ်လေ့ရှိတာ လုံးဝမကောင်းဘူး။ နောက်နောင် ဒီလို အဖြစ်မျိုးမရှိတော့ဖို့မျှော်လင့်တယ်။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာလည်း မီဇိုရမ်ပြည်နယ် ရှာဟာမြို့က သုံးဘီးကယ်ရီသမားတစ်ဦးကို မြန်မာနိုင်ငံသားလူငယ် လေးဦးက ရိုက်နှက်လို့သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာ စစ်ဘေးရှောင်များအတွက် အကြပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

သတင်း - Grace

#centralnewsnaypyitaw

image