Part-2
တသက်တာစာပေဆုရှင် သူငယ်ချင်း မောင်သာနိုး
မောင်သာနိုးက ၁၉၅ဝ ပြည့်နှစ်မှာ စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်း မှာ ၁ဝ တန်းကျောင်းသားပါ။ ၁၉၅ဝ လူထုဂျာနယ်ဟောင်းတစ်ခုမှာ မောင်သာနိုးက လူထုဂျာနယ် စာပေပြိုင်ပွဲမှာ ကဏ္ဍသုံးမျိုး (ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးရယ်လို့)ရှိတဲ့အနက် ဆောင်းပါးကဏ္ဍမှာ ဝင်ပြိုင်တာ တွေ ့ရပါတယ်။ ဆောင်းပါးပြိုင် ခေါင်းစဉ်က “ကျောင်းများ၌ မာစ်စာပေ သင်သင့်သည်”တဲ့၊ မောင်သာနိုးက ဒုတိယဆုချိတ်ပါတယ်။ ပထမဆုချိတ်သူက ဝက်စလီ ဟိုက်စကူး ကျောင်းသားကြီး တစ်ဦးပါ။ နောင်တော့ တောခိုသွားတယ်လို့ တင်မိုးပြောပြပါတယ်။ မောင်သာနိုးဟု အဿဇိ(၂)ဆိုတဲ့ ကလောင်နာမည်နဲ ့ ဘာသာရေးဆောင်းပါးတွေပဲ ရေးဦ မောင်သိင်္ဂါအမည်နဲ့ ကဗျာတွေလည်း ရေးနေသူဖြစ်တယ်လို့ တင်မိုးက ပြော တယ်။ တင်မိုးကလည်း ၁၉၅ဝ လောက်ကပဲ မန္တလေးမှာ ကိုရင်လေး ရှင်ဣန္ဒက ဘဝနဲ့ စာသင်ရင်း လူထုဂျာနယ်မှာ ကန်မြဲနန်းမြင့်နွယ် အမည်နဲ့ ကဗျာတွေရေး
ကလောင်သွေးနေပြီဆိုကိုး။
မောင်သာနိုး တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၅၁ ခုနှစ်မှာ မောင်စွမ်းရည်က မြင်းခြံအထက(၁) ပဉ္စမတန်းမှာ စာသင်ဆဲ။ ပထဝီ၊ သမိုင်းမှာ သင်ရတော့ မြေ ထဲမှာ မန္တလေးနဲ့ စစ်ကိုင်းတည်နေရာကို တုတ်ထောက်ရှာရဆဲ။ မီးရထားလမ်းနဲ့ သွားရင်ဘယ်လို၊ ကားလမ်းနဲ့ သွားရင်ဘယ်နည်း၊ သင်္ဘောနဲ့သွားရင် ဘယ်ပုံဆိုတာ ခရီးစဉ်ကို အလွတ်ပြောတတ်ရပါတယ်။ ခရီးစဉ်ကို ကြိုသင်ထားခဲ့ပေမဲ့ ၁၉၅၆ ခုနှစ်ကျမှ မန်းတက္ကသိုလ်ကို ရောက်ပါတယ်။ မောင်သာနိုးကလည်း ၁၉၅၃ အောက်တိုဘာက ကျောင်းသားသပိတ်အရေးမှာ ခေါင်းဆောင်ခဲ့လို့တဲ့ အဖမ်းခံ၊ ထောင်ချခံနေရာက ၁၉၅၆ ကျမှ လွတ်လာတာပါ။ လူထုဦးလှနှင့် ဒို့ဘုရင် ဦးဘရင် ဆိုသူ မန္တလေး မြို့မိမြို့ဖလူကြီးနှစ်ဦးကိုလည်း သူတို ့အမှုတွဲ- ပုဒ်မ ၅ နဲ့ခွဲပြီး မန္တလေး နန်းမြို့ ရိုးတွင်းက ထောင်ကြီးထဲသို့ ဆွဲထည့်ထားသတဲ့။ ဖမ်းမိန့်ထုတ်သူ တွေက သူတို့ကိုယ်တိုင် ဗိုလ်နေဝင်းဖမ်းတာခံရပြီး ဝဋ်လည်တော့မှ လူထုဦးလှကို ဘာအမှုမှမရှိဘဲ ဖမ်းထည့်ထားခဲ့တာကို ကန်တော့တောင်းပန်ကြောင်း မောင်သာနိုးကို ပြောပြခဲ့ဖူးပါသတဲ့။ “ငါကလည်း အကြာကြီး ကန်တော့ခံရအောင် အကြာကြီး ဆုတွေပေးလိုက်တာပေါ့”လို့လည်း နောက်ဆက်တွဲပြောလိုက်သတဲ့။ ကိုသာနိုးက တက္ကသိုလ်ရောက်တော့ လူထုမှာ ညအယ်ဒီတာဝင်လုပ်ပြီး သတင်းတွေကို ရေဒီယိုကလိုက်ကူးရတာ၊ ဘာသာပြန်ပေးရတာတွေ လုပ်ရသတဲ့။ သူရ (ရှမ်းပြည်)၊ ဆရာ ဦးဆန်းထွန်း (ဆန်းထွန်း-မန်းတက္ကသိုလ်)တို နဲ့ အတူပေါ့။
တက္ကသိုလ်ကို ၁၉၅၆ မှာ ရောက်လာတာတော့ ကျွန်တော်တို့ ကြည်အောင် တို့နဲ ့ တစ်နှစ်တည်းပေါ့။ နောက်နှစ် ၁၉၅၇ ကျမှ မောင်သိန်းနိုင်(မုံရွာ)နဲ့ တင်မိုး (မောင်ဘဂျမ်း- ရေစကြို)တို့က မြန်မာစာဂုဏ်ထူးကိုယ်စီနဲ့ ၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောက်လာခဲ့ကြတာပါ။ ၁၉၅၈ မှာ ထင်ပါတယ်။ မြင်းခြံကိုသာလှက သမဂ္ဂဥက္ကဋ္ဌ၊ ကိုသာနိုးက အတွင်းရေးမှူး၊ မောင်မိုးသူက ဒုတိယဥက္ကဋ္ဌ ပြန်ကြား ရေး)၊ ခင်မောင်ဝင်း (ကသာဝင်းကြွယ်)က (ဘဏ္ဍာရေး)၊ မောင်စွမ်းရည် (မြင်းခြံ ဝင်းဖေ)ကလည်း ပြန်ကြားရေးဗျူရိုရဲ့ အတွင်းရေးမှူး စသဖြင့် အရွေးခံကြပါတယ်။ အဲဒီနှစ်ကစပြီး ရန်ကုန်ရော မန္တလေးမှာပါ တပ်ဦးဟောင်းရယ် တပ်ဦးသစ်ရယ် တွဲပါတယ်။ အဓိကအားဖြင့်တော့ D.S.O ခေါ် ဒီမိုကရက်တစ်ကျောင်းသားများ အဖွဲ ့နဲ့ S.UF ခေါ် ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ ရယ်လို့ နှစ်ဖွဲ့ ပဲရှိခဲ့တာပါ။ ဒီနှစ်မှာ ကျောင်းသားညီညွတ်ရေးတပ်ဦး(တပ်ဦး) အဖွဲ့က နှစ်ခြမ်းကွဲပြီး တပ်ဦးသစ် ပေါ်ပေါက်ခဲ့တာပါ။ မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့ အဖွဲ့ က မဲအပြတ် အသတ်နဲ့ နိုင်ပါတယ်။
အင်္ဂလိပ်စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို ကျောင်းသားခေါင်းဆောင် ကိုသာနိုးက အချိန်ပိုခေါ်ပြီး စာသင်ပေးပါတယ်။ အင်္ဂလိပ်စာဌာနမှူး မစ္စတာမူနီက စာသင်ခန်းပေးတဲ့အပြင် သူကိုယ်တိုင်လာပြီး နောက်နားက ရပ်နားထောင်ပါတယ်။ နံရံကပ်စာစောင်တွေမှာ အင်္ဂလိပ်လိုရေးရင်လည်း နံရံကပ်စာစောင်မှာ လာဖတ် ပါတယ်။ ကျောင်းအုပ်ဆရာကြီး ဦးကိုလေး (စာရေးဆရာဇေယျာမောင်)ကိုယ်တိုင် လည်း လာဖတ်ပါတယ်။ နံရံကပ်စာစောင်က မြန်မာစာဌာနနဲ့အနီးစင်္ကြံမှာ သင်ပုန်း နဲ ့ ထောင်ထားတာပါ။ မြန်မာစာဆရာများကတော့ ကျောင်းသားတွေရေးတာကို အထင်ကြီးလေ့ မရှိတာကြောင့်တစ်ကြောင်း၊ လောင်စာလေးတွေရေးတာကို မဖတ်ရဲ တာလည်းတစ်ကြောင်း လာဖတ်လေ့မရှိပါ။ မောင်သာနိုးက တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွေမှာလည်း အင်္ဂလိပ်စာတည်းတာဝန်ယူဖူးပါတယ်။ မောင်သိန်းနိုင်၊ တင်မိုးတို့က မြန်မာစာတည်းပါ။ ကြည်အောင်က အင်္ဂလိပ် စာတည်းလုပ်ဖူးပါတယ်။မောင်စွမ်းရည်က မဂ္ဂဇင်း အတွင်းရေးမှူးတာဝန်ယူ၍ (မြန်မာစာ စာတည်းတာဝန် တွဲဖက်ပြီး) တာဝန်ယူခဲ့ရဖူးပါတယ်။
# ဆက်ရန်ရှိ