နေပြည်တော် ညွှန်ချုပ်အိမ်ရာအတွင်း ဗုံးသီးမပါဘဲ ပျက်ကျနေသည့် ဒရုန်းတစ်စီးတွေ့ရှိ

နိုဝင်ဘာ ၂၆

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာအတွင်းရှိ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ နေထိုင်ကြသည့် ညွှန်ချုပ်အိမ်ရာ ခြံဝင်းအနောက်ဘက် (၅)ပေခန့်အကွာတွင် ဗုံးသီးမပါဘဲ ပျက်ကျနေသည့် ဒရုန်းတစ်စီး တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၅)ရက် နံနက် (၁၀)နာရီခွဲခန့်က အဆိုပါ အိမ်ရာအတွင်းတွင် ပန်ကာ (၄)လုံး တပ် တောင်ပံ အလျား (၁၃)ပေ၊ ကိုယ်ထည် (အဖြူရောင်)၊ ကိုယ်ထည်အရှည် (၇)ပေ (၄)လက်မခန့်၊ ကိုယ်ထည် (၁၀) လက်မ Fixed Wing အမျိုးအစား အဖြူရောင် Drone (၁)စင်း (ဗုံးသီးမပါ) GPS အား ခဲပတ်ထားသော ငွေခွက်ဖြင့် ဖုံးအုပ်ထားသည့် Drone ယာဉ်ပျက်ကျကြောင်း မီးသတ်တပ်ကြပ်ကြီး ထူးထူးအောင်မှ စတင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် နံနက် (၁၁)နာရီအချိန်ခန့်တွင် အဆိုပါ ပျက်ကျထားသည့် ဒရုန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ပြီး (၁၁)နာရီ (၂၀)မိနစ် အချိန်တွင် မိုင်းရှင်းပြီးစီးခဲ့ကြောင်းနှင့် ပျက်ကျလာသည့် Fixed Wing ကိုယ်ထည်အပိုင်းအစများနှင့် ဆက်စပ်ပစ္စည်းများအား အသေးစိတ် စစ်ဆေးအတည်ပြုနိုင်ရေးအတွက် (၁၁)နာရီခွဲ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဒရုန်းပျက်ကျခြင်းဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image