Part-2
တစ်ခဏ

နှစ်စဉ် ရခိုင်ကို ဆယ်တန်းအနီးကပ် စာသင်ပေးဖို့သွားတိုင်း၊ နွေရာသီပိတ်ရက်ရှမ်းပြည်သွားတိုင်း ကျွန်မအတွက် ရခိုင်ချိတ်၊ အင်းလေးလုံချည် အမြဲဝယ်လာပေးရတာ ဝတ္တရားတစ်ခုပါပဲ။ သူမရှိတော့တဲ့နောက် သူ့ရဲ့စာအုပ်စင် ဗီရိုတွေရှင်းတဲ့အချိန်မှာ ရှမ်းပြည်က သူ့မိတ်ဆွေ ကိုစိုးမောင်ရဲ့စာတွေ တော်တော်များများတွေ့ရပါတယ်။ အင်းတဲက ရက်ကန်းစင်မှာ “မိုးလားတိမ်လားမြူလား” လုံချည်ဆင်ရှာဝယ်ပေးဖို့ သူခိုင်းတာ ရှာမတွေ့ကြောင်းပြန်ထားတယ့်စာဖတ်ရတော့ ကျွန်မမျက်ရည်ကျမိတယ်။ အဲ့ဒါ ကျွန်မလိုချင်တယ်ပြောမိလို့ သူ ကိုစိုးမောင်ကို ရှာဝယ်ခိုင်းတာပါ။ ပညာရေးတက္ကသိုလ်တက်စဉ်ကာလတွေကပေါ့။ ကျွန်မတို့ အိမ်ထောင်ကျတဲ့အချိန်မှာ ကိုစိုးမောင်မရှိတော့ပါဘူး ဆုံးပါပြီ။ ကျွန်မအပေါ်မှာ သူ အဲ့ဒီလောက် ဂရုတစိုက်ရှိခဲ့တာတွေ သိလာရလေ ကျွန်မ ဝမ်းနည်းလေပါပဲ။ သူပေးတဲ့လုံချည် တော်တော်များများကို နောက်ပိုင်းမှာ ဆွေးကုန်မှာစိုးလို ဗမာဖြစ်လုံချည်ကြိုက်နှစ်သက်သူတွေကို ဝေငှလိုက်ပါတယ်။ သူပေးတဲ့ ရခိုင်လုံချည်တွေထဲကတသစ်ထည်ကို သူနဲ့ကျွန်မ လက်မှတ်ထိုးတဲ့နေ့မှာ အမှတ်တရ ဝတ်ခဲ့ရုံတင်မကဘူး သူ့ပုဆိုးရော ကျွန်မလုံချည်ရော နှစ်ထည်လုံးကို အတူတွဲပြီးသိမ်းထားလိုက်တယ်။ ကျွန်မတို့သေရင်လွှမ်းဖို့ပါ။ လင်မယားနှစ်ယောက် ခန္ဓာကိုယ်လှူလိုက်ကြတော့ အဲ့ဒီဝတ်စုံလေးတွေ လွှမ်းဖို့မလိုတော့ဘူးလို့ တွေးမိပေမဲ့ အမြတ်တနိုးသိမ်းထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူဆုံးတယ့်အချိန်က COVID ကာလမို့ ခန္ဓာကိုယ်လှူမရတော့ မီးသင်္ဂြိုဟ်ရမှာမို့ သူ့ပုဆိုးလေးကို လွှမ်းပေးခွင့်ရလိုက်ပါတယ်။
သူ့ကို အံ့ဩမိတာတစ်ခုကတော့ နေ့စဉ် Diary ရေးတာပါပဲ။ သူ့ Diary တွေရယ် မြောက်မြားလှစွာသော သူ့စာအုပ်တွေရယ်ကို အိမ်ပြောင်းတိုင်း ကျွန်မသယ်လာရတာ တာဝန်တစ်ခုပါ။ ချစ်သူဘဝရောက်ကြတော့ သူက Diary အဟောင်းတွေ ပြန်လှန်ပြီး ဘယ်ခုနှစ်မှာ လေးနွယ်နဲ့ သူနဲ့ တွေ့ကြတာ ဘယ်နှခါဆိုတာ စာရင်းလုပ်ထားပြီး ကျွန်မကိုပြပါတယ်။ သူ့နေ့စဉ်မှတ်တမ်းမှာ ကျွန်မတို့ ညီမတစ်တွေ သူ့ဆီအလည်လာတာ သီတင်းကျွတ်ကန်တော့တာပါသလို သူကလည်း New year card လေးတွေပေးတာ စစ်ကိုင်းပြန်လက်ဆောင်ပေးတာ ရခိုင်လုံချည် ရှမ်းလုံချည်ပေးတာ အသေးစိတ်အကုန်ရေးပါတယ်။ ကိုယ့်အပေါ် သူ့လောက်အနုစိတ်ဂရုစိုက်သူ နှစ်ယောက်မရှိနိုင်ပါဘူး။
သူ့ရဲ့အားနည်းချက်ကတော့ နှစ်လရက်စွဲတွေ မမှတ်နိုင်တာပါပဲ။ ဆူးလေတိုက်ကနေ ပုဇွန်တောင်အနော်ရထာအိမ်ရာကိုပြောင်းတော့ သန်းခေါင်စာရင်း ပြောင်းကြဖို့ ပုဇွန်တောင် လဝကရုံးကိုသွား သူ့ကို လိုအပ်တာတွေဖြည့်ထားဖို့ မှာခဲ့ပြီးကျွန်မက ကျောက်တံတား လဝကရုံးကို လိုအက်တဲ့စာရွက်စာတမ်း သွားယူပုဇွန်တောင်ရုံးကိုပြန်လာချိန်မှာ ရုံးကဝန်ထမ်းကလေးမလေးတွေက ကျွန်မကို “အန်တီကို တိုင်ရအုံးမယ် အန်ကယ့်ကို လက်ထပ်တယ့်ရက်စွဲမေးတာ မမှတ်မိဘူးလို့ပြောတယ်” ကျွန်မ သူ့ကိုလှမ်းကြည့်လိုက်တော့ ပြုံးဖြီးဖြီးနဲ့ သူ့အပြစ်သူသိတဲ့ပုံ၊ ကလေးတွေရှေ့မှာ မနည်းဟန်ဆောင်ပြုံးပြီး “သူက မေ့တတ်လို့ပါသမီးရယ်” ဆိုပြီးကိုယ့်ဘာသာ ဖြည့်ပေးခဲ့ရတယ်။ အိမ်လည်းပြန်ရောက်ရော ဘာပြောကောင်းမလဲ ကျွန်မ သူ့ကို စိတ်ကောက်ပြီး စကားမပြောဘဲနေတာ။ ညကျတော့ ကျွန်မ စိတ်ဆိုးစိတ်ကောက်ရင် အမြဲဆိုနေကျ ကိုအံ့ကြီးရဲ့ “မျက်ထားတော်ဘာအလိုများမကျ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်သက်လယ်” သီချင်းပိတ်လေးဆိုပြီး ကျွန်မ ကိုချော့ရှာပါတယ်။ သူ့ဦးနှောက်က ခုနှစ်တွေ လတွေ ရက်တွေကို မှတ်နိုင်စွမ်းမရှိဘူးလို့ ပြောပါတယ္။ ဒါနဲ့ ပဲခူးဟင်္သာကုန်းဘုရားရောက်တော့ သစ်သားနဲ့ စားပွဲတင်ပြက္ခဒိန်လေး ဝယ်လာပြီး 1986June 10 Tuesday လို့ စက္ကူကဒ်ပြားလေး ထည့်ပေး ဘာမှရက်စွဲပြောင်းစရာမလို ဒါလက်ထပ်တယ့်နေ့စွဲ လို့ မမေ့အောင် သူ့စာရေးစားပွဲပေါ်မှာ ထားပေးလိုက်တယ်။ ခုထိရှိနေပါသေးတယ်။

#ဆက်ရန်ရှိ