ပေါ့ဘာ၏ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ချပေးလိုက်
----------------------
တားမြစ်ဆေးသုံးစွဲမှုကြောင့် ၄ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာရဲ့ ပွဲပယ်ပြစ်ကို ၁၈ လအဖြစ် လျှော့ချပေးလိုက်တယ်လို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးက အောက်တိုဘာ ၄ ရက်နေ့မှာ အတည်ပြု လိုက်ပါတယ်။
ဂျူဗင်တပ်ကွင်းလယ်လူပေါ့ဘာကို တားမြစ်ဆေးသုံးစွဲထားခဲ့တယ်ဆိုပြီး အီတလီအမျိုးသား တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့က ၂၀၂၃ စက်တင်ဘာမှာ ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ပေါ့ဘာဘက်ကတော့ ဘာအမှားအယွင်းမှ ပြုလုပ်ထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး အားကစား ဆိုင်ရာ ခုံသမာဓိရုံးကို အယူခံဝင်ခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၆ ဇွန်လအထိ စာချုပ် သက်တမ်းရှိနေသေးပေမယ့် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားသမားဘဝ အနာဂတ်မသေချာမှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။
အားကစာဆိုင်ရာခုံသမာဓိရုံးရဲ့ ထုတ်ပြန်ချက်အရတော့ ပေါ့ဘာရဲ့ ဆေးစစ်ချက်တွေမှာ ပုံမှန် မဟုတ်တဲ့ ဇီဝဖြစ်စဉ်တွေကို တွေ့ခဲ့ရပေမယ့် ကစားသမားအနေနဲ့ တမင်သက်သက်ကျူးလွန်ခဲ့တယ်ဆိုတာမျိုးကို မတွေ့ရတဲ့အတွက် အခုလိုမျိုး ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလို ပြစ်ဒဏ်လျှော့ပေါ့ခံလိုက်ရတဲ့အတွက် အိပ်မက်ဆိုးကာလ ပြီးဆုံးခဲ့ပြီလို့ ပေါ့ဘာက ပြောကြားသွားခဲ့ ပါတယ်။
