ယူနိုက်တက်တွင် ကစားနေစဉ်တုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စဉ်းစားခဲ့ဖူးကြောင်း ဝိန်းရွန်းနီ ဖွင့်ဟလာ

နိုဝင်ဘာ ၁၈

ယူနိုက်တက်နှင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီက ယူနိုက်တက်တွင် ကစားနေစဉ်တုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် စဉ်းစားခဲ့ဖူးကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ကုထုံးပညာရှင်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးကာ အဖြေရှာခဲ့ကြောင်း ဖွင့်ဟလာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၀၄ ခုနှစ်တွင် အဲဗာတန်မှ ယူနိုက်တက်သို့ ပြောင်းကစားခဲ့သူ ဖြစ်ပြီး ၅၅၉ ပွဲကစားကာ ၂၅၃ ဂိုးသွင်းကာ ကလပ်ရဲ့ စံချိန်တင်ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် ဝိန်းရွန်းနီက ဂတ်ဘီလိုဂန်ရဲ့ Life at the Midpoint အစီအစဉ်တွင် အကြီးဆုံးသား ကိုင်ရွန်းနီ(ယခု ၁၇ နှစ်) ကလေးဘဝတုန်းက ကွင်းပြင်ပတွင် ရုန်းကန်ခဲ့ရတဲ့အကြောင်းအား ဖွင့်ဟလာပါတယ်။

ရွန်းနီက "အရက်သောက်တုန်းကပေါ့ ကိုယ့်အိမ်မှာ နှစ်ရက်လောက် ကိုယ့်ကိုယ်ကိုယ် ပိတ်ထားတတ်တယ်။ ဒီအတိုင်း သောက်နေခဲ့တယ်။ ဒါဟာ ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးကာလတွေထဲက တစ်ခု ဖြစ်နိုင်တဲ့ကာလမှာပါ"လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး အသက် ၄၁ နှစ်ရှိ ရွန်းနီက "အတိတ်ကို ပြန်ကြည့်ရင် တကိုယ်ကောင်းဆန်တယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ကိုင်တွယ်ဖို့ အရမ်းခက်ခဲတဲ့ တခုခုနဲ့ ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိပါတယ်။ ကိုင်ကို အဲဒီလို ပုံစံမျိုးနဲ့ မတွေ့စေချင်ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်ပုန်းနေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စဉ်းစားတဲ့ နေရာမှာ ရှိနေခဲ့တယ်။ ကျွန်တော့်အနားမှာ ဘယ်သူ့ကိုမှ မရှိစေချင်ဘူး။ လမ်းပေါ်မှာ လူတွေကို မမြင်ချင်တော့ဘူး။ ဆိုင်တွေကိုလည်း မသွားချင်တော့ဘူး။ ဘောလုံးကွင်းမှာ အမြဲတမ်း သက်တောင့်သက်သာ ရှိခဲ့တယ်။ ဒါပေမယ့် ပြင်ပမှာတော့ တကယ့်ကို ရုန်းကန်ခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။

ဝိန်းရွန်းနီဟာ အင်္ဂလန်အတွက် ပွဲ ၁၂၀ ကစားကာ ၅၃ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသင်းဟောင်းအဲဗာတန်သို့ ပြန်ပြောင်းခဲ့ပါတယ်။

ဒါ့အပြင် ဝိန်းရွန်းနီက ကစားသမားဘဝ အခက်ခဲဆုံးအခိုက်အတန့်ကာလများတွင် ကိုယ့်ခံစားချက်ကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသွားပါတယ်။

၎င်းက "ကိုယ့်ရဲ့ဘယ်အားနည်းချက်ကိုမှ မပြသလိုဘူး။ ဒီတော့ မျက်နှာဖုံးစွပ်ဖို့ ကြိုးစားတယ်။ ကိုယ့်အခြေအနေကို ကိုယ် သိပါတယ်။ ကိုယ့်ကိုယ်ကို ယောင်္ကျားမပီသသလို ခံစားရတာကြောင့် ဖွ့င်ဟဖို့ ခက်ခဲတယ်။ ကုထုံးပညာရှင်တစ်ဦးနဲ့ စကားပြောကြည့်တယ်။ ကျွန်တော် ဘာဖြစ်နေလဲဆိုတာ ရှာဖွေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကစားသမားဘဝအမြင့်ဆုံးမှာ ရှိနေခဲ့တာ တွေ့ရတယ်။ ကျွန်တော့်မှာ သားယောင်္ကျားလေး တစ်ယောက်ရှိနေပြီ။ အိမ်ထောင်ကလည်း ကျခါစ။ တကယ်ဆို အပျော်ဆုံးကာလမှာ ရှိနေရမှာလေ။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ ကျွန်တော် တကိုယ်ကောင်းဆန်ဆန် လုပ်ခဲ့တာတွေကြောင့် အနိမ့်ပါးဆုံးကာလသို့ ရောက်နေခဲ့တယ်။ ကောလင်း(ဇနီးသည်)က အများကြီး ကူညီတယ်။ တကယ်ဆို သူ ထွက်သွားနိုင်ခဲ့တယ်။ အဲဒီလောက် ဆိုးခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဘေးမှာ ရှိနေခဲ့ပြီး ဒါကို ဖြတ်ကျော်နိုင်အောင် ကူညီခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

image