နေးရှင်းလိဂ်ဗိုလ်လုပွဲအား အင်္ဂလန်တွင် ကျင်းပလိုနေတဲ့ အက်ဖ်အေ
နိုဝင်ဘာ ၁၈
အက်ဖ်အေဟာ ယခုနှစ် ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဗိုလ်လုပွဲအား လက်ခံကျင်းပရေး လျှောက်ထားလာပါတယ်။
နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲများနှင့် ဗိုလ်လုပွဲတို့ကို လာမယ့် ဇွန်လတွင် တစ်နိုင်ငံတည်းမှာ ကျင်းပလာပါမယ်။
အင်္ဂလန်ကဲ့သို့ စပိန်နှင့် ပြင်သစ်တို့ကလည်း တတိယနေရာလုပွဲအပါအဝင် နောက်ဆုံး ပွဲ ၄ ပွဲအား အိမ်ရှင်အဖြစ် ကျင်းပရေး ယူအီးအက်ဖ်အေထံ ဆက်သွယ် အသိပေးထားကြောင်း သိရပါတယ်။
နေးရှင်းလိဂ်နောက်ဆုံးပွဲ ၄ ပွဲကို ဇွန်လ ၉ ရက်နေ့မှ ၁၃ ရက်အတွင်း ကျင်းပလာပါမယ်။
အက်ဖ်အေဟာ နေးရှင်းလိဂ်ပွဲ ၄ ပွဲအား အိမ်ရှင်အဖြစ် ကျင်းပရေး လျှောက်ထားပေမယ့်လည်း ဝင်ဘာလေကွင်းတွင် လက်ခံကစားရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဇွန်လအတွင်းတွင် အဆိုတော်ဆမ်ဖန်ဒါရဲ့ ဝင်ဘာလေရှိုးပွဲ ၂ ပွဲ ရှိနေမှုကြောင့် ဖြစ်ပါတယ်။ ယင်းပွဲများက နေးရှင်းလိဂ်ဗိုလ်လပွဲအပြီးတွင် ကျင်းပမှာ ဖြစ်ပေမယ့် ဝင်ဘာလေကွင်းတွင် လက်ခံကစားနိုင်မှု အခြေအနေကို ဆွေးနွေးရပါဦးမယ်။
ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပလာခဲ့တာ ဖြစ်ပြီး အင်္ဂလန်က လက်ခံကျင်းပဖူးခြင်း မရှိဘဲ ပေါ်တူဂီ၊ အီတလီ၊ နယ်သာလန်၊ ဂျာမနီတို့က လက်ခံကျင်းပခဲ့ပါတယ်။
ပုံမှန်အားဖြင့် ယူအီးအက်ဖ်အဟာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ရောက် ၄ သင်းမှ နိုင်ငံကိုသာ အိမ်ရှင်အဖြစ် စဉ်းစားလေ့ရှိတာပါ။
သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်ဟာ မက်ဒရစ်တွင် စပိန်ကို ၃-၂ ဖြင့် အနိုင်ရရှိပြီးနောက် အုပ်စုဗိုလ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်ထားကာ သောကြာနေ့တွင် ကွာတားဖိုင်နယ်မဲခွဲမှု ပြုလုပ်လာပါမယ်။
အင်္ဂလန်ဟာ မတ်လ ကွာတားဖိုင်နယ်တွင် ဘယ်ဂျီယံ၊ နယ်သာလန်၊ ဒိန်းမတ် (သို့မဟုတ်) နော်ဝေနှင့် ရင်ဆိုင်ရပါမယ်။
တကယ်လို့များ အင်္ဂလန်သာ နေးရှင်းလိဂ်နောက်ဆုံးပွဲများအား လက်ခံကျင်းပခွင့် ရရှိလာပါက ယူရို ၂၀၂၈ ပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် မကျင်းပမီ အသေးစားပြိုင်ပွဲငယ်တစ်ခု ကျင်းပနိုင်မယ့် အခွင့်အရေး ရရှိလာပါမယ်။