ဝင်းဂါးရဲ့ငြင်းပယ်ခြင်းခံရပြီးနောက် ဖီဖာဥက္ကဌရာထူးအတွက် အင်ဖန်တီနိုနှင့် ယှဉ်ပြိုင်မယ့်သူအား ပွဲထုတ်လာပြီ ဖြစ်တဲ့ ယူအီးအက်ဖ်အေ
နိုဝင်ဘာ ၁၇
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖီးလစ်ပီဒီရယ်လိုက ဖီဖာဥက္ကဌရာထူးအတွက် ဂျီယန်နီအင်ဖန်တီနိုအား စိန်ခေါ်သွားမယ်လို့ ကြေညာလာပါတယ်။
ယူအီးအက်ဖ်အေဟာ အင်ဖန်တီနိုရဲ့ အငြင်းပွားစရာများ ပြည့်နှက်နေတဲ့ ကာလကို အဆုံးသတ်ရေး ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မယ့်သူ့ကို ပွဲထုတ်လာပြီလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ယူအီးအက်ဖ်အေဟာ ဘောလုံးလောကတွင် အရှိန်အဝါကြီးမားတဲ့ အာစင်ဝင်းဂါးအား ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်ရေး တွန်းအားပေးခဲ့ပေမယ့်လည်း အာဆင်နယ်နည်းပြဟောင်းက ဝင်ရောက်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ယခုအခါမှာတော့ အသက် ၆၃ နှစ်ရှိ ဒီရယ်လိုဟာ မတ်လရွေးကောက်ပွဲအတွက် နောက်ဆုံးဆန်ကာတင်ကြေညာရမယ့် ဗုဒ္ဓဟူးနေ့မတိုင်မီ ကြေညာမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
ဒီရယ်လိုဟာ ဖီဖာဥက္ကဌရာထူးအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံများ ထောက်ခံမှု ရရှိလာဖို့ သေချာနေပါတယ်။
ယူအီးအက်ဖ်အေဟာ ကမ္ဘာ့ဖလားအား ရောင်းစားရန် စီစဉ်ခဲ့တဲ့ အင်ဖန်တီနိုရဲ့ဖီဖာဥက္ကဌကာလအား အဆုံးသတ်ရေး စိတ်အားထက်သန်နေပါတယ်။
တဖက်တွင် အင်ဖန်တီနိုဟာ ယူအီးအက်ဖ်အေရဲ့ ထောက်ခံမှု မရရှိထားပေမယ့်လည်း အာရှဘောလုံးအဖွဲ့ချုပ်၊ အာဖရိကဘောလုံးအဖွဲ့ချုပ်၊ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ထောက်ခံများ ရရှိနေတုန်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဖီဖာဥက္ကဌရာထူးအတွက် စပါးစ်နှင့် ဆွစ်ဇာလန်နောက်ခံလူဟောင်းရေမွန်ဗီဂါ၊ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဂုဏ်ထူးဆောင်ဥက္ကဌကိုဇိုတာရှီးမားတို့ကလည်း ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။