ရာသီသိမ်းပွဲတွင် ကွင်းအတွင်း ဝင်ရောက်လာတဲ့ ပရိသတ်အား ထိုးကြိတ်မှုကြောင့် ထောင်နန်းစံရကိန်းဆိုက်နေတဲ့ EFL စတား
နိုဝင်ဘာ ၁၇
ဘောလုံးသမားတစ်ဦးဟာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးအား ထိုးကြိတ်မှုကြောင့် ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်းခံထားရကာ ထောင်ချခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ယော့ခ်စီးတီးရဲ့ဟီရမ်ဘိုတန်းဟာ ဧပြီလတုန်းက အသင်းရဲ့ ရာသီသိမ်းပွဲတွင် ပရိသတ်တစ်ဦးကို ထိုးကြိတ်မှုအတွက် အမှုရင်ဆိုင်နေရတာပါ။
အသက် ၃၀ နှစ်ရှိ ကစားသမားဟာ ယော့ခ်နှင့် ရော့ချ်ဒေးလ်ပွဲအပြီးတွင် ပရိသတ်များ ကွင်းအတွင်း ဆင်းချလာချိန်တွင် ရော့ချ်ဒေးလ်ပရိသတ်တစ်ဦးကို ထိုးကြိတ်ခဲ့တာပါ။
သူဟာ ခြိမ်းခြောက်မှု၊ ကြမ်းတမ်းစွာဆက်ဆံမှု၊ ကြောက်ရွံစေရန် ရည်ရွယ်ချက်ဖြင့် စော်ကားမှု (သို့မဟုတ်) အကြမ်းဖက်မှုအား လှုံဆော်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရတာပါ။
ဘိုတန်းဟာ တနင်္လာနေ့တုန်းက မန်ချက်စတာတရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး ကျူးလွန်ကြောင်း ဝန်ခံထားခြင်း မရှိပါဘူး။
ဘိုတန်းဟာ အထက်ပါ စွဲချက်များတွင် အပြစ်ရှိကြောင်း တွေ့ရှိလာပါက ၆ လအထိ ထောင်ဒဏ်ချမှတ်ခြင်းခံလာရနိုင်ပါတယ်။
ဧပြီလ ၂၅ ရက်နေ့တုန်းက ရာသီသိမ်းပွဲတွင် ရော့ချ်ဒေးလ်ဟာ အချိန်ပို ၉၅ မိနစ်တွင် ဦးဆောင်ဂိုး ရရှိပြီးနောက် ပရိသတ်များ ကွင်းအတွင်း ဆင်းချလာခဲ့ကြပါတယ်။
ယင်းနောက် ပွဲပြန်စချိန်တွင် ယော့ခ်ကလည်း အချိန်ပို ၁၃ မိနစ်တွင် ချေပဂိုးသွင်းခဲ့ပြီး ဒုတိယအကြိမ်မြောက် ပရိသတ်များ ကွင်းအတွင်း ဆင်းလာချိန်တွင် ဘိုတန်းနှင့် ပရိသတ်အကြား ခိုက်ရန် ဖြစ်ပွားခဲ့တာပါ။
ယင်းအဖြစ်အပျက်ကြောင့် ပရိသတ် ၅ ဦး ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသလို အက်ဖ်အေကလည်း ကိုယ်နည်းကိုယ့်ဟန်ဖြင့် အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။


