ထိုင်းရောက် မြန်မာ ၃ ဦးက ထိုင်းကျောင်းသားဆီမှ ဖုန်းလုမှုကြောင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်မှာ အသက် (၂၂) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အသက် (၂၄) နှစ်အရွယ် မြန်မာအမျိုးသမီး ၁ ဦးတို့ဟာ ထိုင်းကျောင်းသားတစ်ဦးဆီကနေ iPhone နဲ့ ဘတ်ငွေအချို့လုယူခဲ့ကြတာကြောင့် ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၁၆ ရက်ညမှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

လုယက်ခံရတဲ့ အသက် ၂၀ အရွယ်ကျောင်းသားက ဘန်ကောက်တက္ကသိုလ်မှာတက်နေသူဖြစ်တယ်လို့ သိရသလို သူဟာ စတိုးဆိုင်ကို ညဘက်လမ်းလျှောက်သွားနေစဥ် ဆိုင်ကယ်နဲ့ရောက်လာတဲ့ လူ ၂ ဦးအနက် ၁ ဦးကဆင်းလာပြီး ဓားထောက်ခြိမ်းခြောက်ခဲ့တဲ့အပြင် ဆိုင်ကယ်မောင်းသူကလည်း သေနတ်နဲ့ထပ်မံချိန်ရွယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

အဲဒီနောက် ဓားထောက်သူက ကျောင်းသားဆီကနေ  iPhone 16 Pro Max ၊ ဘတ် ၂၀ တန် ၁ ရွက်၊ ဘတ် ၁,၀၀၀ တန် ၁ ရွက်တွေ ယူဆောင်းပြီးထွက်ပြေးသွားခဲ့ကြတာကြောင့် ထိုင်းကျောင်းသားက သူ့ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေနဲ့အတူ ရဲတပ်ဖွဲ့ကိုသွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

တိုင်ကြားမှုအရ ရဲတပ်ဖွဲ့က တရားခံဖမ်းမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာတော့ တရားခံ ၃ ဦးကို ပထုံဌာနီခရိုင်၊ ခလောင်လွမ်မြို့နယ်၊ ကဲအိုနီမစ်လမ်းသွယ်မှာရှိတဲ့ နေအိမ်တစ်လုံးကနေ ဖမ်းမိခဲ့သလို သူတို့နဲ့အတူ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်တစ်စီး၊ အခင်းဖြစ်ပွားစဉ်က ဝတ်ဆင်ခဲ့တဲ့အဝတ်အစားတွေ၊ ပြုပြင်ထားတဲ့ သေနတ် ၁ လက်နဲ့ ကျည်ဆန် ၇ တောင့်ကို သိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ဖမ်းမိသူ ၃ ဦးထဲက မြန်မာအမျိုးသား ၂ ဦးဟာ ပြစ်မှုကို ဝန်ခံထွက်ဆိုထားတယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပေမယ့် မြန်မာအမျိုးသမီးအနေနဲ့ ဘာတွေကျူးလွန်ခဲ့တယ်ဆိုတာကို ဖော်ပြထားခြင်းမရှိဘဲ အဆိုပါ မြန်မာ ၃ ဦးဟာ အရင်ကလည်း သေနတ်နဲ့ခြိမ်းခြောက် လုယက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ဖူးသူတွေနဲ့ဆက်စပ်နေပြီး နိုဝင်ဘာလ ၁၆ ရက် တစ်ညထဲမှာ လုယက်ခံရသူ  ၃ ဦး ကလာရောက်တိုင်ကြားခဲ့တယ်လို့သာ ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။

လက်ရှိမှာတော့ အဲဒီမြန်မာ ၃ ဦးကို သေနတ်ကိုင်ဆောင်ကာ ပူးပေါင်းလုယက်မှု၊ ခွင့်ပြုချက်မရှိဘဲ သေနတ်လက်ဝယ်ထားရှိမှု၊ အများပြည်သူသွားလာရာ လမ်းမပေါ်သေနတ်သယ်ဆောင်မှု၊ ခိုးရာပါပစ္စည်း လက်ခံမှုတွေနဲ့အမှုဖွင့် အရေးယူထားတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

image
image
image
image
image