ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုများကြောင့် ရွှေညောင်၊ ရပ်စောက်နှင့် နမ့်စန်မြို့တို့ရှိ လူနေအိမ်များ ရေဝင်ရောက်၊ ပင်လုံ-လဲချားလမ်းတွင်လည်း ရေကျော်မှုဖြစ်ပွား

နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက် ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တာယောချောင်းရေလျှံမှုကြောင့် မင်္ဂလာရွှေဗဟိုရပ်ကွက်နှင့် ရတနာရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းကလည်း ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက် (၁)၊ (၃) နှင့် (၄) တို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ရာ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးသင့်အိမ်ထောင်စုများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီချောင်းရေလျှံမှုကြောင့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်တို့ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးသင့်အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ပင်လုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး နန်ဆီဟော်ချောင်းရေစီးဆင်းမှုကြောင့် ပင်လုံ-လဲချားလမ်းမကြီး မိုင်တိုင်အမှတ် (၈/၁) နှင့် (၈/၂) ကြား၌ ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ရာ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

imageimage
+8