ဖီဖာဥက္ကဌရာထူးအတွက် အင်ဖန်တီနိုအား ယှဉ်ပြိုင်ရန် အာစင်ဝင်းဂါး အလေးအနက်ထား စဉ်းစားနေ
နိုဝင်ဘာ ၁၁
အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးဟာ ဖီဖာဥက္ကဌရာထူးအတွက် ဂျီယန်နီအင်ဖန်တီနိုအား ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းရေး အလေးအနက်ထား စဉ်းစားနေပါတယ်။
ဥရောပဘောလုံးလောကမှ အကြီးအကဲများဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များတွင် အာစင်ဝင်းဂါးအား ဖီဖာဥက္ကဌအတွက် ယှဉ်ပြိုင်စေလိုလာခဲ့ကြတာ ဖြစ်ပြီး ယခုအခါ ကာယကံရှင်ကိုယ်တိုင်က ယင်းအပေါ် အလေးအနက်ထားစဉ်းစားလာပြီ ဖြစ်ပါတယ်။
အသက် ၇၇ နှစ်ရှိ အာဆင်နယ်ဂန္ထဝင်နည်းပြဟာ ဘောလုံးအားကစားအား ဘယ်လိုတိုးတက်အောင် ပြုလုပ်လာနိုင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေပါတယ်။
တဖက်တွင် ထောက်ခံသူများကလည်း ဝင်းဂါးသာ ဖီဖာဥက္ကဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်လာပါက အနိုင်ရရှိရေး ထောက်ခံမဲပေးရန် အသင့် ရှိနေပါတယ်။
အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အကြံအစည်ကြောင့် ဝေဖန်မှုများ ကြုံခဲ့ရပေမယ့်လည်း တောင်အမေရိက၊ အာဖရိကနှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်လို့များ အာစင်ဝင်းဂါးသာ ဝင်ရောက်ယှဉ်ပြိုင်လာမည်ဆိုပါက အင်ဖန်တီနိုအတွက် ကြီးမားတဲ့ စမ်းသပ်မှုနှင့် ကြုံလာရမှာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် အာစင်ဝင်းဂါးဘက်က ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်ရန် စဉ်းစားနေဆဲ ဖြစ်ပြီး လတ်တလောတွင် အင်ဖန်တီနိုကမူ ဖီဖာဥက္ကဌစတုတ္ထသက်တမ်းအား ဆက်လက်တာဝန်ထမ်းဆောင်ရန် ရေပန်းအစားဆုံး ဖြစ်နေဆဲ ဖြစ်ပါတယ်။
လတ်တလောတွင် ဖီဖာဥက္ကဌရာထူးအတွက် အင်ဖန်တီနိုအား စိန်ခေါ်မယ့်သူများအဖြစ် ဂျပန်ဘောလုံးအဖွဲ့ချုပ်ဂုဏ်ထူးဆောင်ဥက္ကဌကိုဇိုတာရှီးမားနှင့် စပါးစ်နှင့် ဆွစ်ဇာလန်နောက်ခံလူဟောင်းရေမွန်ဗီဂါတို့က ယှဉ်ပြိုင်မယ်လို့ ကြေညာထားကြပါတယ်။
ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မယ့်သူများဟာ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖီဖာထံ စာရင်းတင်သွင်းရပါမယ်။
အာစင်ဝင်းဂါးဟာ အာဆင်နယ်နည်းပြရာထူးမှ ထွက်ခွာလာပြီးနောက် ဖီဖာတွင် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ထမ်းဆောင်လာသူ ဖြစ်ပါတယ်။