ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူ Bright Future အဖွဲ့ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်

နိုဝင်ဘာ ၁၀

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် အလုပ်သမားရေးရာကိစ္စများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် Bright Future အဖွဲ့ခေါင်းဆောင် ကိုဆူရတ်ချ် (ခေါ်) ဝီရာ ဆဲန်ထောင် (Weera Saengthong) ကို ကန်ချနဘူရီခရိုင်တရားရုံးက နိုဝင်ဘာ ၉ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါဖမ်းဝရမ်းသည် ကန်ချနဘူရီခရိုင်၊ ဆိုင်ယို့ခ်မြို့နယ် မှတ်ပုံတင်ရုံးက ၎င်း၏ မွေးစာရင်းအထောက်အထား (ท.ร.20/1) ကို ပယ်ဖျက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကာ အစိုးရတာဝန်ရှိသူများထံ မမှန်ကန်သော အချက်အလက်များ တင်ပြခဲ့သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းသတင်းဌာန Thai Rath ၏ ဖော်ပြချက်အရ ကန်ချနဘူရီခရိုင်တရားရုံးသည် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဝီရာ ဆဲန်ထောင်ကို ဖမ်းဆီးနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူ ရဲအရာရှိ သီရဆတ် ကဲဝ်မနီး (Theerasak Kaewmanee) ၏ လျှောက်ထားချက်အပေါ် ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းကို ထိုင်းနိုင်ငံသားမဟုတ်သူတစ်ဦးအနေဖြင့် အိမ်ထောင်စုစာရင်း သို့မဟုတ် အခြားလူဦးရေမှတ်ပုံတင်စာရွက်စာတမ်းများတွင် မိမိကိုယ်တိုင် သို့မဟုတ် အခြားသူတစ်ဦး၏ အမည်နှင့် အချက်အလက်များကို မမှန်မကန် ထည့်သွင်းစေရန် အထောက်အထားအတုများ ပြုလုပ်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တင်ပြခြင်းဆိုင်ရာ ပြစ်မှုဖြင့် စွပ်စွဲထားကြောင်း သိရသည်။

အဆိုပါအမှုသည် ထောင်ဒဏ် ၃ နှစ်ထက်ပိုမိုချမှတ်နိုင်သည့် ရာဇဝတ်မှုအမျိုးအစားဖြစ်ပြီး ဖမ်းဝရမ်းနှင့်ပတ်သက်သည့် အမှုသက်တမ်းမှာ ၁၀ နှစ်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ ကန်ချနဘူရီခရိုင်၊ မြို့နယ်မှတ်ပုံတင်တာဝန်ရှိသူများက ၂၀၀၉ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ဝီရာ ဆဲန်ထောင်၏ မှတ်ပုံတင်အထောက်အထားများ ထုတ်ပေးခဲ့သည့် အခြေအနေများကို စစ်ဆေးရန် ဗဟိုမှတ်ပုံတင်ဌာန၏ အကြောင်းကြားချက်ရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Thai Rath က ဖော်ပြသည်။

စုံစမ်းစစ်ဆေးမှုအတွင်း ၎င်းသည် ၂၀၀၈ ခုနှစ်က ကန်ချနဘူရီခရိုင်၊ ကိုဆမ်ရုံမြို့နယ်၊ ကျေးရွာအမှတ် ၅ တွင် နေထိုင်သူအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။ သို့သော် မွေးစာရင်းနှင့် လူဦးရေမှတ်ပုံတင်ဆိုင်ရာ အထောက်အထားများတွင် ပါဝင်သည့် အချက်အလက်များအပေါ် မေးခွန်းထုတ်စရာများရှိလာခဲ့သဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်ဆိုင်သူ သက်သေနှစ်ဦးကို စစ်ဆေးမေးမြန်းရာ ၎င်းတို့၏ လက်မှတ်များကို အတုအယောင်အသုံးပြုထားကြောင်း ထွက်ဆိုခဲ့ကြပြီး ဒေသခံသက်သေ ၄၀ ကျော်ကလည်း ဝီရာ ဆဲန်ထောင်သည် ကိုဆမ်ရုံမြို့နယ် ကျေးရွာအမှတ် ၅ တွင် နေထိုင်သူမဟုတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု Thai Rath သတင်းတွင် ဖော်ပြထားသည်။

ယင်းနောက် ကန်ချနဘူရီခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၆ ရက်တွင် မြို့နယ်ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်သေအထောက်အထားများ စုဆောင်းကာ တရားရုံးသို့ ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝီရာ ဆဲန်ထောင်သည် ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး၊ အလုပ်အကိုင်မှတ်ပုံတင်ရေး၊ အထောက်အထားစာရွက်စာတမ်းများ ရရှိရေးနှင့် အလုပ်သမားများအပေါ် သက်ရောက်နေသည့် မူဝါဒဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာ လှုပ်ရှားနေသူတစ်ဦးဖြစ်သည်။

၎င်းသည် မကြာသေးမီက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးအပြင်ဘက်တွင် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးသည့် CI စာရွက်စာတမ်းဆိုင်ရာ စင်တာများနှင့် မြန်မာအာဏာပိုင်များ၏ ရွှေ့ပြောင်းလုပ်သားရေးရာ မူဝါဒများကို ကန့်ကွက်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး ယင်းဆန္ဒပြပွဲအတွင်း ထိုင်းနိုင်ငံသားတစ်စု၏ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကိုလည်း ခံခဲ့ရကြောင်း Khaosod English က ဖော်ပြထားသည်။

ထို့အပြင် Prachachat သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်ပို့ရန် ဖိအားပေးပါက ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအပေါ် ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပေးပြောကြားခဲ့သလို လက်ရှိ ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း ထိုင်းအစိုးရကို တိုက်တွန်းထားသည်ဟု သိရသည်။

image