ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂ ဦး ကားတိုက်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး သတိလစ်မေ့မြောနေ
နိုဝင်ဘာ ၁၀
ထိုင်းနိုင်ငံ၊ ရယောင်းမြို့နယ်တွင် မြန်မာအလုပ်သမားနှစ်ဦး ဆိုင်ကယ်စီးနင်းလာစဉ် ကားတစ်စီးနှင့်တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိကာ သတိလစ်မေ့မြောနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ရယောင်းမြို့နယ်၊ ဖတ်ထနာလမ်းသွယ် (၅) ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ကိုဖြိုးဝေထွန်းနှင့် ကိုလင်းမင်းနိုင်တို့နှစ်ဦး အလုပ်မှ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းဖြတ်ကူးရာမှ ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ကိုဖြိုးဝေထွန်းမှာ ပြင်းထန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ကိုလင်းမင်းနိုင်မှာလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ရယောင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အမှားအမှန်ကို တရားဝင်ဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိသေးသော်လည်း CCTV မှတ်တမ်းများအရ ဆိုင်ကယ်ဘက်မှ အမြန်လမ်းမပေါ်သို့ ဖြတ်တက်လာသည့်ပုံစံတွေ့ရှိရကြောင်း Migrant Times က ဖော်ပြထားသည်။
ဒဏ်ရာရရှိသူမှာလည်း သတိပြန်လည်လာခြင်းမရှိသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သတင်းတွင် ဖော်ပြထားပြီး သေဆုံးသူ ကိုဖြိုးဝေထွန်း၏ ရုပ်အလောင်းကို နိုဝင်ဘာ ၈ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
Migrant Times ၏ ဖော်ပြချက်အရ အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ထိုင်းနိုင်ငံအတွင်း ယာဉ်မတော်တဆမှုများကြောင့် မြန်မာနိုင်ငံသား ကိုးဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
