တရုတ်-အာဆီယံ Esports ပြိုင်ပွဲမှာ မြန်မာအသင်း ရွှေတံဆိပ်ဆုရ
နိုဝင်ဘာ ၉
နို၀င်ဘာ ၈ ရက်၊ မနေ့က ကျင်းပတဲ့ တရုတ်-အာဆီယံ Esports ပြိုင်ပွဲ(CAEC 2026)ရဲ့ ဗိုလ်လုပွဲမှာ မြန်မာ Mobile Legends (MLB အသင်းက အင်ဒိုနီးရှားအသင်းကို ၂ ပွဲ အပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
CAEC 2026 ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ နိုဝင်ဘာ ၆ ရက်ကနေ ၉ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့တာပါ။
အဲဒီပြိုင်ပွဲမှာ Mobile Legends (MLB နဲ့ Valorant ဂိမ်းကစားနည်းနှစ်မျိုး ထည့်သွင်းကျင်းပခဲ့တာပါ။
မြန်မာ MLBB အသင်းကတော့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းကို ၂ ပွဲ အပြတ်သတ်အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ပထမဆုဟာ ရွှေတံဆိပ်ဆုနဲ့ တရုတ်ယွမ်ငွေ ၈ သောင်း ရရှိခဲ့ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ ကျော်လောက် ရရှိခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စုအဆင့်မှာ ကမ္ဘောဒီးယားအသင်း၊ မလေးရှားအသင်း၊ ဘရူးနိုင်းအသင်းတို့ နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂ နိုင် ၁ ပွဲရှုံးရလဒ်နဲ့ ဗိုလ်လုပွဲတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းဟာ မကြာသေးခင်ကမှ MSL Myanmar Season 4 ချန်ပီယံဖြစ်လာတဲ့ Falcon Esports ဖြစ်ပါတယ်။
မြန်မာနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့အင်ဒိုနီးရှား ကိုယ်စားပြုအသင်းကတော့ Rex Regum Qeon (RRQ) အသင်းဖြစ်ပါတယ်။
မြန်မာကိုယ်စားပြုအသင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ(Asian Games) မှာလည်း ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။
ဒါကြောင့် မြန်မာကိုယ်စားပြု MLBB အသင်းတွေဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ နှစ်လအတွင်း ရွှေတံဆိပ်ဆုနှစ်ကြိမ် ရရှိထားပြီလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲတွေဟာ B-Tier အဆင့်ရှိတဲ့ ပြိုင်ပွဲတွေဖြစ်ပြီး လာမယ့်ဇန်နဝါရီလ၊ တူရကီနိုင်ငံမှာ ကျင်းပမယ့် M 8 ပြိုင်ပွဲကတော့ S-Tier လို့သုံးနှုန်းတဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။
အခုရွှေတံဆိပ်ဆုရခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်း Falcon Esports ဟာ ဒီပြိုင်ပွဲကို ဝင်ခွင့်ရဖို့ လာမယ့်ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် MCT SEA ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။
အရင်က M Series လို့ခေါ်တဲ့ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေကို မြန်မာအသင်းတွေက တိုက်ရိုက်ဝင်ပြိုင်ခွင့်ရခဲ့ပေမဲ့ အခုတခေါက်မှာတော့ ပထမဆုံးအကြိမ် တဆင့်ခံ ဒေသတွင်းပြိုင်ပွဲတွေမှာ ထပ်ပြိုင်ရဖို့ရှိပါတယ်။
Credit - BBC