စံချိန်သစ်တွေနဲ့ အံ့ဖွယ်လုပ်ပြနေတဲ့အသင်း သို့မဟုတ် ကိုမို

နိုဝင်ဘာ ၉

ကိုမိုအသင်းဟာ လွန်ခဲ့တဲ့ ၇ နှစ်က စီးရီးဒီမှာ ရှိခဲ့တာကနေ အခုဆိုရင် စီးရီးအေမှာ ချန်ပီယံဆုကို စိန်ခေါ်ဖို့နဲ့ ပွဲဦးထွက် ယှဉ်ပြိုင်ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တွေတင်ပြီး အံ့ဖွယ်အရာတွေကို လုပ်ပြနေပါတယ်။

၂၀၁၈-၁၉ ရာသီက အီတလီဘောလုံးရဲ့ စတုတ္ထတန်းဖြစ်တဲ့ စီးရီးဒီမှာ ရှိနေတဲ့ ကိုမိုအသင်းရဲ့ တိုးတက်မှုနှုန်းဟာ ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ဖြစ်ခဲ့ပါတယ်။

ကိုမိုအသင်းကို ပိုင်ရှင်အသစ်တွေ လွှဲပြောင်း ရယူအပြီးမှာ သူတို့ဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ၂၀၂၃-၂၄ ရာသီမှာ စီးရီးဘီကနေ စီးရီးအေကို တန်းတက်နိုင်ခဲ့တာပါ။

ကိုမိုအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီးမှာတော့ သူတို့ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်လာတဲ့ ပုံစံတွေ ပြသနိုင်ခဲ့ပါတယ်။

ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို စီးရီးဘီမှာ ရှိချိန်က ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်မှာ တော့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို လူငယ် ကစားသမားတွေနဲ့ အဓိက တည်ဆောက်ပြီး ပွဲတိုင်းဘောလုံးပိုင်ဆိုင်မှု အသာ၊ တိုက်စစ်ဆင်တဲ့ နည်းစနစ်တွေနဲ့ ပြိုင်ဘက်အသင်းတွေကို ဖိအားပေးကစားတာက အလုပ်ဖြစ်ခဲ့ပါတယ်။

ကိုမိုအသင်းဟာ ၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၁၀)နေရာ ရပ်တည်ခဲ့ပြီး ၂၀၂၅-၂၆ ရာသီမှာ အဆင့်(၄) နေရာ ရပ်တည်ခဲ့တာပါ။

ဒီရပ်တည်မှုကြောင့် ကိုမိုအသင်းဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့် ရခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရဖို့ဆိုတာ ကိုမိုအသင်းအတွက် အရင်က အိပ်မက်တောင် မမက်ဖူးပေမယ့် အခုတော့ ဥရောပရဲ့အမြင့်ဆုံး ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

ချန်ပီယံလိဂ်ကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်တဲ့ အသင်းတွေဟာ အခက်အခဲတွေ ကြုံတွေရပေမယ့် ကိုမိုအသင်း ကတော့ သူတို့ရဲ့ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်ပြီး အဖွင့်ပွဲမှာ လိုက်ပ်ဇစ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ ခဲ့ပါတယ်။

ကိုမိုအသင်းဟာ ဒုတိယပွဲမှာ ဖီယင်နုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် တတိယပွဲမှာ ယူနိုက်တက် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ကိုမိုအသင်းဟာ လန်းစ်အသင်းကို ၉ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး ဒီပွဲမှာ စံချိန်သစ် တွေ တင်ခဲ့တာ ဖြစ်ပါတယ်။

ကိုမိုအသင်းဟာ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာ ၉ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်သလို ဘိုင်ယန်မြူးနစ် အသင်းပြီးရင် ချန်ပီယံလိဂ် ပွဲတစ်ပွဲအတွင်း ၉ ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက်အသင်း ဖြစ်ခဲ့တာပါ။

ပုံ - ကိုမိုအသင်း အောင်ပွဲခံနေစဉ်

image