မြန်မာ-ရုရှား ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲ ဗထူးတပ်မြို့တွင် ကျင်းပ
နိုဝင်ဘာ ၈
မြန်မာနှင့် ရုရှားနှစ်နိုင်ငံ တပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအပြင် ဗိုလ်လောင်းများအကြား အားကစားဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရေး ရည်ရွယ်သည့် နှစ်နိုင်ငံဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အဆိုပါပြိုင်ပွဲကို ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၏ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်းတွင် နိုဝင်ဘာ ၄ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးမှ အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် မြန်မာဗိုလ်လောင်းများအပြင် ရုရှားတပ်မတော်မှ သေနတ်ပစ်အသင်း၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲတွင် မြန်မာနှင့် ရုရှားနှစ်နိုင်ငံအလံများကို စက်ပစ်ကွင်းအတွင်း လွှင့်ထူအလေးပြုခဲ့ကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲနှင့် ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ်ပြိုင်ပွဲတို့ကို အမျိုးအစားအလိုက် သုံးရက်ကြာ ယှဉ်ပြိုင်ခဲ့ကြပြီး ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် ရုရှားသေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင်၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ ရောက်ရှိစဉ် ဗထူးစမ်းနှင့် ရပ်စောက်မြို့မဈေးတို့ကိုလည်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။