ဖီဖာစည်းမျဉ်းရဲ့ အားနည်းချက်ကို အသုံးချကာ မက်ဆီရဲ့ ကျောနံပါတ် ၁၀ အား လွဲပြောင်းပေးရေး ရွှေ့ဆိုင်းလာမယ့် အာဂျင်တီးနား

နိုဝင်ဘာ ၈

အာဂျင်တီးနားဟာ ဖီဖာရဲ့ စည်းမျဉ်းအားနည်းချက်ကို အသုံးချပြီး လက်ရွေးစင်ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ လီယွန်နယ်မက်ဆီ ဝတ်ဆင်ခဲ့တဲ့‌ ကျောနံပါတ် ၁၀ အား ပိုင်ရှင်သစ်ထံသို့ လွဲပြောင်းပေးရေးအား ရွှေ့ဆိုင်းလာပါမယ်။

အာဂျင်တီးနားအတွက် ဂိုးအများဆုံးသွင်းယူထားသူ၊ အကြီးကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကာလအတွင်း ဘီနန်နှင့်ပွဲတွင် အာဂျင်တီးနားအတွက် ၁၂၆ ပွဲမြောက်ပွဲအား ကစားကာ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝကို ကျောခိုင်းနှုတ်ဆက်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် မက်ဆီအား ဂုဏ်ပြုတဲ့အနေဖြင့် အထူးစပါယ်ရှယ်အင်္ကျီဝတ်ဆင်စေခဲ့ပါတယ်။

အာဂျင်တီးနားဟာ မက်ဆီခေတ်အလွန် ပထမဆုံးပွဲအဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့ သောကြာနေ့တွင် ဥရုဂွေးနှင့် ကစားလာမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ အင်္ဂါနေ့မှာ ကော့စတာရီကာနှင့် ကစားလာပါမယ်။

အင်တာမိုင်ယာမီစူပါစတားဟာ ယင်းပွဲစဉ်တွေမှာ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

အာဂျင်တီးနားဟာ မက်ဆီအနားယူသွားပြီးနောက် အသင်းခေါင်းဆောင်သစ်အဖြစ် ခရစ္စတီယန်ရိုမီယိုကို ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အား ပိုင်ရှင်သစ်ထံ လွဲပြောင်းပေးထားခြင်း မရှိသေးပါဘူး။

အာဂျင်တီးနားဟာ ၂၀၀၂ ခုနှစ်တုန်းက ဒီယေဂိုမာရာဒိုနာ အနားယူသွားပြီးနောက် ကျောနံပါတ် ၁၀ ကို အနားပေးရန် ကြိုးပမ်းခဲ့ဖူးပေမယ့် ဖီဖာစည်းမျဉ်းကြောင့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ဖီဖာစည်းမျဉ်းအရ အသင်းတိုင်းဟာ ပြိုင်ပွဲများတွင် ကျောနံပါတ် ၁ မှ ကျောနံပါတ် ၂၆ အထိ အစဉ်အတိုင်း အသုံးပြုရပါမယ်။

ဒါကြောင့်လည်း အာဂျင်တီးနားအနေဖြင့် မာရာဒိုနာနှင့် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို အနားပေးရန် မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အာဂျင်တီးနားဟာ ဖီဖာစည်းမျဉ်းရဲ့ အားနည်းချက် ယိုပေါက်ကို အသုံးချကာ လာမယ့် နိုင်ငံတကာပွဲစဉ်များတွင် ကျောနံပါတ် ၁၀ ကို ပိုင်ရှင်သစ်ထံ လွဲပြောင်းပေးလာဦးမှာ မဟုတ်ပါဘူး။

အာဂျင်တီးနားရဲ့ လာမယ့် ဥရုဂွေး၊ ကော့စတာရီကာတို့နှင့် ပွဲစဉ်များမှာ ခြေစမ်းပွဲများဖြစ်တာနဲ့အညီ ကျောနံပါတ် ၁ မှ ၂၆ အထိ အသုံးမပြုဘဲ နေလို့ ရပါဘူး။

လက်ရှိအချိန်တွင် မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ အား ဆက်ခံမယ့်သူအဖြစ် ကိုမိုစတားနီကိုပက်ဇ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

သူဟာ ယခုရာသီတွင် ကိုမိုအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၆ ဂိုးသွင်းယူကာ ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် ကျောနံပါတ် ၁၀ ကို အက်သလက်တီကိုစတားဂျူလီယန်အယ်ဗာရက်ဇ်ကို လွဲပြောင်းပေသင့်တယ်လို့ ပြောဆိုမှုများလည်း ရှိနေပါတယ်။

image