အာလင်းဟာလန်းရဲ့ ဗီဒီယိုကလစ်များကို ကြည့်ရှုလေ့လာပြီးနောက် အကောင်းဆုံးဂိုးသွင်းပုံစံ ရရှိလာခြင်းဖြစ်ကြောင်း ဘာရီဝန်ခံလာ

နိုဝင်ဘာ ၈

အဲဗာတန်တိုက်စစ်မှူးသီယာနိုဘာရီက မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းရဲ့ ဗီဒီယိုဖိုင်များကို ကြည့်ရှုပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အကောင်းဆုံးဂိုးသွင်းပုံစံ ရရှိလာခြင်းဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ မနေ့ညတုန်းက အဲဗာတန်က ကိုဗင်ထရီကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာရီဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဗီလာရီးရဲလ်မှ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမဆုံးရာသီတွင် ၈ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲတွင် ၁၀ ဂိုးသွင်းထားနိုင်ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်စာရင်းတွင် အာလင်းဟာလန်း၊ အလက်ဇန္ဒားအီဆက်ခ် ပြီးလျှင် တတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။

ဘာရီက "ဂိုးသွင်းနိုင်တာ အမြဲကျေနပ်စရာပါ။ အသင်းလည်း အနိုင်ရတော့ ပိုပျော်တာပေါ့။ နွေရာသီတုန်းက အများကြီး အလုပ်လုပ်ခဲ့တယ်။ ဒီအတွ့က် ရလဒ်တစ်ခု ရလာလို့ ပျော်တယ်။ အသင်းကို ပွဲတိုင်း အနိုင်ရအောင် ဒီလိုမျိုး ဆက်ကူညီသွားနိုင်ဖို့ ကြိုးပမ်းသွားမယ်။ အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့မိတဲ့အချိန်မှာ ခံစားချက် မကောင်းတော့ ခက်ခဲတဲ့ကာလတွေ ကြုံခဲ့ရတယ်။ ဒါပေမယ့် အမြဲတမ်းအကောင်းဆုံးအလုပ်လုပ်ပေးလာခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။

ဘာရီဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အာလင်းဟာလန်းပြီးလျှင် ပြိုင်ပွဲအရပ်ရပ် ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်ထားနိုင်ပါတယ်။

ဆက်လက်ပြီး ဘာရီက "ကျွန်တော်က သူ့(အာလင်း)ပရိသတ်ဆိုတော့ ပျော်တယ်။ သူ့ ဗီဒီယိုတွေ အများကြီးကြည်ပြီး သူ့လိုလုပ်နိုင်အောင် ကြိုးစားတယ်။ ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်နိုင်တဲ့အထိ ကြိုးစားသွားပါမယ်"လို့ ပြောကြားသွားပါတယ်။

image