ဥရောပရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း
နိုဝင်ဘာ ၅
ဟယ်ရီကိန်းဟာ Ballon d'Or ဆွတ်ခူးပြီး တစ်ပတ်ကျော်မျှ အကြာမှာ ဥရောပရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာပါတယ်။
အသက် ၃၃ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့တုန်းက ကိုင်လီယန်ဘက်ပေးနှင့် လာမိန်းယာမဲလ်တို့အား ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ကလပ်နှင့် နိုင်ငံအတွက် ၇၃ ဂိုးသွင်းယူနိုင်ပြီးနောက် ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးတကိုယ်တော်ဆုကို ရရှိလာတာပါ။
သူဟာ ကလပ်အတွက် ၆၁ ဂိုးသွင်းပြီး ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် ကူညီပြီးနောက် ယခုအခါ လုပ်ခများစွာ တိုးမြှင့်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခြင်းခံလာရပြီ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ၄၀၁၁၁၅ အထိ ရရှိလာမှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၂၀.၈၅၈ သန်း ရရှိလာပါမယ်။
သူဟာ အပိုဆုကြေးမပါဝင်ဘဲ ယင်းပမာဏအထိ ရရှိလာမှုနှင့်အတူ မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းကို ကျော်ဖြတ်ပြီး ဥရောပရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာပါတယ်။
နော်ဝေတိုက်စစ်မှူးက အပိုဆုကြေးအပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၅၂၅၀၀၀ ရရှိနေတာပါ။ ရီးရဲလ်မက်ဒရစ်စူပါစတားကိုင်လီယန်ဘက်ပေးကလည်း တစ်ပတ်လုပ်ခ ပေါင် ၅၁၈၀၀၀ ရရှိနေပေမယ့် ယင်းအထဲမှာ အပိုဆုကြေးလည်း ပါဝင်ပါတယ်။
ဟယ်ရီကိန်းဟာ ဥရောပရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာပြီးနောက် ပထမဆုံးပွဲ ဖြစ်တဲ့ စနေနေ့ မက်ဇ်နှင့်အဝေးကွင်းပွဲစဉ်တွင် ဂိုးပေါက်တွေ့ရေး ကြိုးပမ်းလာရပါမယ်။


