မြန်မာ့သနပ်ခါးယဉ်ကျေးမှု UNESCO စာရင်းဝင်ရေး ဒီဇင်ဘာလတွင် ဆုံးဖြတ်မည်
နိုဝင်ဘာ ၅
မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှု ယဉ်ကျေးမှုဓလေ့ကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ထည့်သွင်းသတ်မှတ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် ပြန်လည်တင်သွင်းထားသည့် အမည်စာရင်းကို ယခုနှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ “Practice of Thanakha culture in Myanmar” အမည်ဖြင့် တင်သွင်းထားသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုသည် ၂၀၂၆ ခုနှစ်အတွင်း စိစစ်ဆုံးဖြတ်မည့် အမည်စာရင်းများတွင် ပါဝင်နေပြီး ဖိုင်အမှတ် ၂၃၇၇ ဖြင့် မှတ်တမ်းတင်ထားသည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းမှုကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း ပထမအကြိမ် တင်သွင်းခဲ့သည့် အမည်စာရင်းတွင် လိုအပ်ချက်အချို့ရှိနေသဖြင့် UNESCO က ပြန်လည်ပြင်ဆင်တင်သွင်းရန် ဆုံးဖြတ်ခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြင်ဆင်ဖြည့်စွက်ထားသည့် အမည်စာရင်းကို ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမည်စာရင်းကို UNESCO ၏ ၂၀၂၆ ခုနှစ်အတွက် စိစစ်မည့် အစီအစဉ်တွင် ထည့်သွင်းထားပြီး နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ တရုတ်နိုင်ငံ ရှမန်မြို့တွင် ကျင်းပမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အစိုးရအချင်းချင်းကော်မတီ၏ (၂၁) ကြိမ်မြောက် အစည်းအဝေးတွင် စာရင်းဝင်ရေးနှင့်ပတ်သက်၍ ဆုံးဖြတ်သွားမည်ဖြစ်သည်။
မြန်မာ့သနပ်ခါးသည် သနပ်ခါးပင်၏ အခေါက်ကို ကျောက်ပြင်ပေါ်တွင် ရေဖြင့်သွေး၍ ရရှိလာသည့် အနှစ်ကို မျက်နှာနှင့် ခန္ဓာကိုယ်တွင် လိမ်းခြယ်အသုံးပြုသည့် ရိုးရာဓလေ့ဖြစ်သည်။ အလှအပအတွက်သာမက အသားအရေထိန်းသိမ်းခြင်းနှင့် အေးမြမှုရရှိစေခြင်းတို့အတွက် အသုံးပြုကြပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များပါ အသက်အရွယ်မရွေး အသုံးပြုသည့် မြန်မာ့လူမှုဘဝနှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။
သနပ်ခါးလိမ်းခြယ်သည့် ဓလေ့ကို မိသားစုအတွင်း မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြပြီး သက်ကြီးရွယ်အိုများက ကလေးငယ်များအား သနပ်ခါးလိမ်းပေးရင်း ယဉ်ကျေးမှုဓလေ့များ၊ အမူအကျင့်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကို သင်ကြားပေးသည့် အစဉ်အလာလည်း ပါဝင်သည်။
ထို့ပြင် မြန်မာ့သနပ်ခါးအသုံးပြုမှုသည် နေ့စဉ်လူမှုဘဝအပြင် ဘာသာရေးပွဲတော်များနှင့် ရိုးရာဓလေ့ထုံးတမ်းများတွင်လည်း ပါဝင်နေပြီး ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများအရ သနပ်ခါးပြုလုပ်အသုံးပြုမှုသည် ၁၂ ရာစုခန့်ကတည်းက ရှိခဲ့ကြောင်း UNESCO ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် UNESCO ၏ ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် မေလ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်တွင် UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်း၌ ပထမဆုံးအကြိမ် ထည့်သွင်းသတ်မှတ်ခံခဲ့ရသည်။
ယခုအခါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုလည်း အဆိုပါစာရင်းဝင်ရေးအတွက် နောက်ဆုံးအဆင့် စိစစ်ဆုံးဖြတ်မှုကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး UNESCO ၏ ဒီဇင်ဘာလ အစည်းအဝေးမှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်အပေါ် မူတည်၍ တရားဝင်စာရင်းဝင်မှု အခြေအနေကို သိရှိရမည်ဖြစ်သည်။