နေပြည်တော်၌ နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ခရစ်ယာန်ဘာသာဝင် ၇၀၀ ခန့် စုပေါင်းဆုတောင်း

နိုဝင်ဘာ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် ခရစ်ယာန်ဘာသာဝင်များနှင့် တိုင်းရင်းသားလူငယ် ၇၀၀ ခန့် ပါဝင်သည့် အထူးဆုတောင်းပွဲကို နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအထူးဆုတောင်းပွဲ (၂၀၂၆) ကို နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်အဖွဲ့ချုပ်ကြီးများမှ ဆရာတော်များ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဘာသာဝင်များနှင့် တိုင်းရင်းသားလူငယ်များ တက်ရောက်ခဲ့ကြပြီး ဓမ္မသီချင်းများ စုပေါင်းသီဆိုခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို၊ အောက်မြန်မာပြည် မက်သဒစ်အသင်းတော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာဦးမြတ်ဆန်းနှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ သိက္ခာတော်ရဆရာတော် ဒေါက်တာဦးအေးမင်းက အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် အထူးဆုတောင်းမေတ္တာပို့သခဲ့ပြီး ကာဒီနယ်ချားလ်စ်ဘိုက ကောင်းချီးပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

image