1 ပတ် - ဘာသာပြန်ပါ။

သူနာပြုသိပ္ပံဘွဲ့ရ ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်၊ ဒီဇင်ဘာတွင် သူနာပြု ၂,၁၄၃ ဦး ထပ်မံခန့်အပ်မည်

နိုဝင်ဘာ ၄

ကျန်းမာရေးဝန်ကြီးဌာနသည် သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့် သူနာပြုတက္ကသိုလ် (မန္တလေး) တို့မှ သူနာပြုသိပ္ပံဘွဲ့ရရှိထားသူ ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဒီဇင်ဘာလတွင် သူနာပြု ၂,၁၄၃ ဦးကို ထပ်မံခန့်အပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ခန့်အပ်လွှာရရှိသူများတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) အောင်မြင်သူ ၂၈၃ ဦးနှင့် သူနာပြုတက္ကသိုလ် (မန္တလေး) မှ ဘွဲ့ရရှိသူ ၁၇၉ ဦး ပါဝင်ပြီး စုစုပေါင်း ၄၆၂ ဦးရှိကြောင်း သိရသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူနာပြုများ နေထိုင်ရန် အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးများပေးအပ်ခြင်းနှင့် ရာထူးအဆင့်အလိုက် လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် သူနာပြုများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အရည်အသွေးမြှင့်တင်နိုင်ရန် Capacity Building သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသဖြင့် မိမိတို့၏ အရည်အချင်းများ ပိုမိုတိုးတက်လာစေရန် ကြိုးပမ်းကြရန်နှင့် ပြည်သူလူထု၏ အားကိုးအားထားပြုရသည့် သူနာပြုကောင်းများ ဖြစ်လာစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သစ်လွင်သူနာပြု ၄၆၂ ဦးကိုယ်စား သူနာပြုနှစ်ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image