ပြိုင်ဘက်ဂိုးသမားရဲ့ ဒူးနှင့်တိုက်မိခဲ့တဲ့ တီနီရိုက်ဖ်တိုက်စစ်မှူးမီဂွယ် သေဆုံး
နိုဝင်ဘာ ၄
တီနီရိုက်ဖ်တိုက်စစ်မှူးဂျီးဆပ်စ်ဒီမီဂွယ်ဟာ စပိန်ဒုတိယတန်းလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် အသက် ၃၀ နှစ်အရွယ်တွင်ပင် သေဆုံးသွားပါတယ်။
တီနီရိုက်ဖ်တိုက်စစ်မှူးဟာ တနင်္လာနေ့တုန်းက အန်ဒိုရာနှင့် ဒုတိယတန်းပွဲစဉ်ရဲ့ ပွဲချိန် ၉၇ မိနစ်တွင် ပြိုင်ဘက်ဂိုးသမားဂျီးဆပ်စ်အိုဝိုနိုနှင့် ပြင်းထန်စွာ ထိခိုက်မိပြီးနောက် ခေါင်းနှင့် ရင်ဘတ်ဒဏ်ရာပြင်းထန်စွာ ရရှိကာ မေ့မျောသွားခဲ့ပါတယ်။
သူ့ကို ဆေးရုံသို့ အမြန်ပို့ဆောင်ပြီး အခြေအနေ တည်ငြိမ်သွားပြီလို့ ကြေညာခဲ့ပေမယ့်လည်း အင်္ဂါနေ့နံနက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ကာ ကွယ်လွန်သွားရှာခဲ့ပါတယ်။
ဘာစီလိုနာနောက်ခံလူဟောင်းဂါရတ်ပီကေးပူးတွဲပိုင်ဆိုင်တဲ့ အန်ဒိုရာနှင့် တီနီရိုက်ဖ်တို့က ယင်းသတင်းဆိုးအတွက် အကြီးအကျယ် ဝမ်းနည်းကြေကွဲရကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
တီနီရှိုက်ဖ်နှင့် အန်ဒိုရာတို့ ၂ ဂိုးစီသရေကျတဲ့ ပွဲစဉ်ရဲ့ နာကျင်အချိန်ပို ၉၇ မိနစ်တွင် ယင်းမတော်တဆမှု ဖြစ်ခဲ့တာပါ။
အိုဝိုနိုက Long Ball အား ရှင်းထုတ်ရေး ကွင်းလယ်ဗဟိုသို့ ပြေးတက်ကာ ဖျက်ထုတ်စဉ် ဒူးဖြင့် ဒီမီဂွယ်နှင့်တိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။
အိုဝိုနိုဟာ ချက်ချင်းပင် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပြီး ဒီမီဂွယ်မှာ ကွင်းမြက်ခင်းတွင် မှောက်လျက်လဲနေခဲ့ကာ ဒိုင်လူကြီးက ချက်ချင်းပင် ပွဲကို ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ကို ပက်လက်လှန်လိုက်ချိန်တွင် သတိမေ့နေကြောင်း သိရပြီးနောက် ချက်ချင်းပင် ဆေးဘက်ဆိုင်ရာအကူအညီ ရယူခဲ့ရပါတယ်။ သူ့ကို ချက်ချင်းပင် အရေးပေါ် ယာဉ်ဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ရပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် နှစ်သင်းလုံးမှ ကစားသမားတို့ အကြီးအကျယ် တုန်လှုပ်ခဲ့ပါတယ်။
စပိန်သတင်းစာ Marca ရဲ့ ဖော်ပြမှုအရ ဒီမီဂွယ်မှာ အရေးပေါ် သူနာပြုယာဉ်တွင်ပင် နှလုံးရပ်မှု ဖြစ်ကာ ဆေးဘက်ဆိုင်ရာအကူများက ကုသမှု ပြုလုပ်ကာ ဆေးရုံသို့ ခေါ်ဆောင်ခဲ့ရပါတယ်။
တနင်္လာနေ့ညမှာတော့ တီနီရိုက်ဖ်က ဒီမီဂွယ်ရဲ့ အခြေအနေမှာ စိုးရိမ်စရာရှိပေမယ့် တည်ငြိမ်သွားပြီလို့ ကြေညာခဲ့ပေမယ့်လည်း အင်္ဂါနေ့ နံနက်မှာတော့ မီဂွယ်ရဲ့အခြေအနေ ဆိုးရွားလာကာ သေဆုံးသွားခဲ့ပါတော့တယ်။