လာအိုနှင့် မြန်မာ့တပ်မတော်နှစ်ရပ်ကြား နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စစ်ဦးစီးဌာနအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Saichay Kommasith တို့သည် နိုဝင်ဘာ ၃ ရက်တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော်များအကြား လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ အားကစားနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးတို့အပြင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာ အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်ချေမှုန်းရေး၊ ဒေသတွင်း၌ ယင်းလုပ်ငန်းများ ကင်းစင်ပပျောက်ရေးနှင့် အနာဂတ်တွင် ထပ်မံပေါ်ပေါက်လာခြင်းမရှိစေရေး ရည်ရွယ်၍ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းခဲ့ပြောကြားသည်။
ထို့အပြင် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်အသုံးပြုခဲ့သည့် အဆောက်အအုံ ၁,၀၅၃ လုံးကို ယနေ့အထိ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့သည်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှ ရရှိသည့်ဝင်ငွေများဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းကာ အင်အားတည်ဆောက်နေမှုများရှိကြောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းကဲ့သို့သော အခြေအနေများကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အဆိုပါအဖွဲ့များ ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC)၊ ပူးတွဲနယ်ခြားလုံခြုံရေးကော်မတီ (JBSC) အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံတပ်မတော်အကြီးအကဲများသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ယင်းမတိုင်မီ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လာအိုနိုင်ငံရှိ အညတရသူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်ကာ လာအိုပြည်သူ့တပ်မတော်၏ စစ်တီးဝိုင်းအဖွဲ့ တီးမှုတ်မှုနှင့်အတူ ဂုဏ်ပြုပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။