နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေ ရောက်ရှိနိုင်ပြီး လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နိုင်
နိုဝင်ဘာ ၂
အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသဖြင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် ရေပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးအကြံပြုထားသည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များအပေါ် အခြေခံသည့် ခန့်မှန်းသုံးသပ်ချက်များအရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်အပူချိန်ထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး အယ်လ်နီညိုဖြစ်စဉ်မှာ အားအလွန်ကောင်းသည့် အခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ကမ္ဘာ့ဒေသအသီးသီးတွင် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေများ ပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် ရာသီဥတုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည်။
အထူးသဖြင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းနှင့် ရေကန်များ၌ ရေခန်းခြောက်မှုများ ဖြစ်ပေါ်နိုင်သည့်အပြင် သောက်သုံးရေနှင့် စိုက်ပျိုးရေ မလုံလောက်မှုများလည်း ကြုံတွေ့လာနိုင်ကြောင်း သိရသည်။
ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ရေရှားပါးမှုဆက်စပ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါးလာပါက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
သို့ဖြစ်၍ အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ကြိုတင်ကာကွယ်လျှော့ချနိုင်ရန် သောက်သုံးရေ၊ စိုက်ပျိုးရေ၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများအပါအဝင် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။