ထိုင်းနိုင်ငံ ကမ်ဖဲန်းဖက်တွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား ၂ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂

ထိုင်းနိုင်ငံ ကမ်ဖဲန်းဖက်ခရိုင် အောင်သောင်မြို့နယ်ရှိ ကမ်ဖဲန်းဖက်လမ်းမပေါ် U-turn ကွေ့တစ်ခုအနီးတွင် ယနေ့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် MGR သတင်းဌာနက ဖော်ပြသည်။

ကမ်ဖဲန်းဖက်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ၏ ပြောကြားချက်အရ ခရီးသည်တင်ယာဉ်တစ်စီးသည် U-turn ကွေ့နေစဉ် ကုန်တင်ယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့ပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းသုံးယာဉ်တစ်စီးကို ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် ခရီးသည်တင်ယာဉ်ကို မောင်းနှင်လာသည့် အသက် ၄၀ ဝန်းကျင် ထိုင်းနိုင်ငံသားယာဉ်မောင်းနှင့် ယာဉ်နောက်ခန်း၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသားတစ်ဦးတို့ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသလို ခရီးသည် ၆ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကမ်ဖဲန်းဖက်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး အခြား ၄ ဦးမှာ မပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မြန်မာအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ ခရီးသည်တင်ယာဉ်ပေါ်၌ စုစုပေါင်း ၁၃ ဦး လိုက်ပါလာခဲ့ပြီး U-turn ကွေ့နေစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကို ကမ်ဖဲန်းဖက်ရဲစခန်းက ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိကြောင်းလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image