ISPE အမျိုးသမီးအသင်း ပွဲစဉ်- ၁၁ အပြီးတွင် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းကို ၅ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဦးဆောင်
ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်- ၁၁ အပြီးတွင် ISPE အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းကို ရမှတ် ၅ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဦးဆောင်နေလျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်- ၁၁ ကို ပြီးခဲ့သည့်အောက်တိုဘာ ၂၆၊ ၂၇၊ ၂၈ ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပွဲစဉ်- ၁၁ တွင် ISPE အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို (၆-ဝ) ဂိုး၊ ဧရာဝတီအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို (၁၁-ဝ) ဂိုး၊ သစ္စာအားမာန်အသင်းက ရန်ကုန်စီးတီးအသင်းကို (၁-ဝ) ဂိုး၊ ရတနာပုံအသင်းက မြဝတီအသင်းကို (၃-၁) ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို (၄-၁) ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်- ၁၁ အပြီးတွင် ISPE အမျိုးသမီးအသင်းက ၁၀ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဦးဆောင်နေလျက်ရှိ သည်။ ISPE အသင်းအောက်တွင် လက်ရှိချန်ပီယံဧရာဝတီအသင်းက ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၂၆ မှတ်ဖြင့် အဆင့် ၂၊ သစ္စာအားမာန်အသင်းက ၇ ပွဲနိုင်၊ တစ်ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၂၂ မှတ်ဖြင့် အဆင့် ၃ နေရာတို့တွင် ရပ်တည်နေလျက်ရှိသည်။