လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုးစီးပွားအဖြစ် အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ပြော၊

မြန်မာအလုပ်သမားများမှ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့် စနစ်တစ်ခုတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိ

သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုးစီးပွားအဖြစ် အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောသည်။

ယမန်နေ့ ကျင်းပသည့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့်မှန်ကန်စွာဝင်ရောက်နိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပရောက်မြန်မာအလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့်စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI)ထုတ်ပေးရေးစခန်းငါးခုကို အောက်တိုဘာ ၁၄ ရက်မှ စတင်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး CI စာအုပ်လာရောက် လျှောက်ထားသည့်အလုပ်သမားများ၏ အနည်းဆုံး ဝင်ငွေခွန်တစ်နှစ်စာနှင့် မိသားစုလွှဲပို့ငွေသုံးလစာလွှဲပို့ထားသည့် အထောက်အထားများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CI လာရောက်ပြုလုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ ငွေများကို True Money၊ 2C2P Wave၊ K+Bank၊ Karsikorn Bank၊ Dee Money အစရှိသည့် ငွေလွှဲလုပ်ငန်းများမှ လွှဲပို့ထားသည်ကိုတွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကပြောသည်။

အဆိုပါ ငွေလွှဲအထောက်အထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးပို့၍ သက်ဆိုင်ရာဌာနမှ ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် အမျိုးသားအကျိုးစီးပွားအဖြစ် အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Authorized Dealer-AD လိုင်စင်ရပုဂ္ဂလိကဘဏ်များ၊ Remittance Business License-RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

image