ပြည်ပပို့ကုန် သီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းရေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ပပို့ကုန် သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းစေရေးနှင့် နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးပြည့်မီသော လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း၊ UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ဓာတ်မြေဩဇာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ကျန်ရှိနေခြင်းသည် ပို့ကုန်လုပ်ငန်းများအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်းများတွင် အန္တရာယ်ရှိသော ဓာတ်ကြွင်းများ တွေ့ရှိပါက နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံခြားဝင်ငွေရရှိမှုနှင့် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားတို့ကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်တွင် ပိုးသတ်ဆေးများကို စနစ်တကျအသုံးပြုရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်ကလည်း မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် ဝင်ငွေနှင့် ပို့ကုန်ကဏ္ဍများတွင် အရေးပါလာသည့်အတွက် ပြည်ပဈေးကွက်များသို့ ထုတ်ကုန်တင်ပို့ရာ၌ အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကုန်ပစ္စည်းများကို အကောင်းဆုံးစစ်ဆေးပြင်ဆင်ထားရန်၊ သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများ တည်ဆောက်ထားရန် လိုအပ်သကဲ့သို့ နိုင်ငံတကာဈေးကွက်များသို့ မြန်မာ့ထုတ်ကုန်များ ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတကာဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် သီးနှံကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူက ပြည်ပပို့ကုန် သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image