MSME လုပ်ငန်းရှင်နှင့် သင်တန်းသားများ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်စေလို
MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအစီအစဉ်တွင် ပါဝင်သည့် သင်တန်းသားများအနေဖြင့် စမ်းသပ်မည့် အကြံဉာဏ်တစ်ခု၊ ရက်ပေါင်း ၃၀ လုပ်ငန်းအစီအစဉ်တစ်ခုဖြင့် စတင်ဆောင်ရွက်စေလိုကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောသည်။
မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် MSME လုပ်ငန်းရှင်များနှင့် အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး အစီအစဉ်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အတူ ဒေသစီးပွားရေးများ တိုးတက်လာမှုနှင့်အတူ နိုင်ငံ့ထုတ်လုပ်မှု၊ ပို့ကုန်နှင့် နိုင်ငံ့ဝင်ငွေလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့် လုပ်ငန်းများ ဖန်တီးကြရန်နှင့် ယခုသင်တန်းမှ လက်တွေ့အောင်မြင်သော အစပျိုးစီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဆန္ဒပြုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအနေဖြင့် မိမိတို့၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ဒေသအရင်းအမြစ်များကို အသုံးချဆောင်ရွက်ကြရန်လိုကြောင်း၊ MSME တစ်ခု အောင်မြင်လာပါက အလုပ်အကိုင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး MSME များစွာအောင်မြင်လာပါက ဒေသစီးပွားရေး တိုးတက်လာစေနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။